ပရီမီယာလိဂ်ရဲ့ လက်ရှိဂိုးသွင်းအများဆုံး တိုက်စစ်မှူး မိုဟာမက်ဆာလာက လီဗာပူးအသင်းနဲ့ တစ်ပတ်လုပ်ခပေါင် ငါးသိန်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ဆန္ဒရှိနေ

ပရီမီယာလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းနဲ့အတူ တစ်ပတ်လုပ်ခလစာ ပေါင်ငါးသိန်းနဲ့ စာချုပ်သစ်တစ်ရပ်ကို ထပ်တိုးချုပ်ဆိုဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အန်ဖီးလ်မှာသာ ကစားသမားဘဝ ကုန်ဆုံးချင်တယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက ပြောကြားခဲ့တာကြောင့် မိုဟာမက်ဆာလာရဲ့ စာချုပ်သစ်ကိစ္စဟာ လီဗာပူးအသင်း ပိုင်ရှင်တွေအတွက် ဖိအားတစ်ရပ်လည်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်(၉)မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူး အသင်းနဲ့ အတူ ၁၀ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲကစားအပြီးမှာ သွင်းဂိုးစုစုပေါင်း ၁၅ ဂိုး သွင်းယူနိုင်ခဲ့သလို ပရီမီယာလိဂ်ပြိုင်ပွဲမှာလည်း ကိုးပွဲကစားပြီး ချိန်မှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ပရီမီယာလိဂ်ရဲ့ လက်ရှိဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အခုနှစ်အစောပိုင်းမှာ ဗန်ဒိုက်၊ အဲလစ်ဆင်ဘက်ကာ၊ ဂျော်ဒန်ဟန်ဒါဆန်၊ ဖာဘင်ဟို၊ အလက်ဇန်းဒါးအာနိုးနဲ့ ရောဘတ်ဆင်တို့ကို စာချုပ်သစ်အသီးသီး ချုပ်ဆိုထားတာဖြစ်ပြီး တိုက်စစ်မှူး မိုဟာမက်ဆာလာက လီဗာပူးအသင်းနဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ် နွေရာသီအပြောင်းအရွှေ့ ကာလအတွင်းမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ တိုက်စစ်မှူး မိုဟာမက်ဆာလာ ဟာ လီဗာပူးအသင်းကို ရောက်ရှိလာခဲ့တဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်း ပြိုင်ပွဲအရပ်ရပ်မှာ ၂၁၅ ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုး စုစုပေါင်း ၁၄၀ အထိ သွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ငွေကြယ်