ရခိုင်ပြည်နယ် မောင်တောမြို့  နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး သရုပ်ပြမှုများပြုလုပ် 

မောင်တော  အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်း ရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမတွင်  လက်တွေ့သရုပ်ပြမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်က မီး လောင်မှု ဖြစ်ပွားပါက မီးငြှိမ်းသတ်ဆေးဘူးဖြင့်  စနစ်တကျ မီးငြှိမ်းသတ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူ များအား ဘေးအန္တရာယ်များဖြစ်ပွားပါက လူနာများအား ကူညီကယ်ဆယ်နိုင်ရေးအတွက်   ကြိုးချည်နည်းများ၊ လူနာ သယ်ဆောင်နည်းများ၊ မီးလောင်နေစဉ် မီးသတ်ဆေးဘူး နှင့် အဝတ်စဖြင့် မီးငြှိမ်းသတ်နည်းများအား ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ အသုံးပြု မီးငြှိမ်းသတ် တတ်စေရန် လက်တွေ့သရုပ်ပြသစေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။  

အဆိုပါ အခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်  နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်းအုပ်ကြီး ဦးစစ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)