ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀ ဖမ်းဆီးရမိ

 

နေပြည်တော် ဩဂုတ် ၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၂၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်‌ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇူလိုင် ၃၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် သတင်းအရ တောင်ကြီးမြို့နယ်၊ တောင်ကြီး - မိုင်းပျဉ်း သွားကားလမ်း၊ လွယ်တော်ကျေးရွာအုပ်စု၊ ဇလဲကျေးရွာအနီးတွင် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ကို  ရှာဖွေရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ရှာဖွေသည့်နေရာနှင့် ကိုက် (၁၀၀) ခန့်အကွာတွင် အဆိုပါယာဉ်မှာ လမ်းဘေးမြောင်းအတွင်း ထိုးကျတိမ်းမှောက်သွားသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်မောင်း စိုင်းကျော်ဝင်း (၂၄) နှစ်နှင့် အတူ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ နံနက် ၁၁ နာရီခန့်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ နန်းမြဦး (၂၅) နှစ်အား တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ကုန်သည်လမ်း၊ အိမ်အမှတ်(၂၁)တွင် ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်