ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂,၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂,၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် မွန်းတည့် ၁၂ နာရီတွင် နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုးသွားကားလမ်း၊ နောင်ချိုမြို့အဝင်၊ မိုင်တိုင်အမှတ်(၈၀/၄)အနီး၌ လားရှိုးမှ နောင်ချိုဘက်သို့ ကျော်မင်းဦး (ခ)ယောန(၂၆)နှစ် မောင်းနှင်ပြီး မသင်းမြတ်ဆွေ(ခ)ယဉ်လှ (၂၄)နှစ် လိုက်ပါလာသည့် မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၂,၅၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၉ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။  စစ်ဆေး ဖော်ထုတ်ချက်အရ  သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်မှ  ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဉပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)