ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ ခန့်တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၆ ရက် ည ၉ နာရီခွဲတွင် ရွာငံမြို့နယ်၊ အောင်ပန်း-ကျောက်ဆည်သွားကားလမ်း၊ ကျောက်ကူပြင်ကျေးရွာအနီးတွင် အောင်ပန်းမှ ကျောက်ဆည်ဘက်သို့ အောင်ကိုသန်း (၃၂)နှစ် မောင်းနှင်လာသည့် Toyota Hiace မော်တော်ယာဉ်ကိုရှာဖွေရာ တန်ဖိုးငွေကျပ်သိန်း ၅၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော် ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကောင်းထက်ကျော်(၁၈)နှစ်နှင့် ဟိန်းမင်းဦး(၂၂)နှစ်တို့ကို နောင်ချိုမြို့တွင် Hijet မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ ကျော်ကျော်ဝင်း (၅၁)နှစ်ကို ၇ ရက် နံနက် ၉ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ ၅၃ လမ်း၊ အမှတ်(၄၆)နေအိမ်တွင် လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်း မြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သို့  သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ၍ ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်းသိရသည်။

(သတင်းစဉ်)