Singha-SAT TDT Phuket 2021 ထိုင်းနိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရဲထက်အောင် ပူးတွဲတတိယဆုရရှိ

နေပြည်တော်   စက်တင်ဘာ   ၂၉

စက်တင်ဘာ ၂၈ ရက်မှ  ၂၉  ရက်အထိ ထိုင်းနိုင်ငံ Blue Canyon Country Club (Lakes Course) ၌ ကျင်းပသည့် SinghaSAT EDT Phuket 2021 ဂေါက်သီးရိုက် ပြိုင်ပွဲတွင် မြန်မာ Professional ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပူးတွဲတတိယဆုရရှိခဲ့သည်။

ပူးတွဲတတိယဆုရရှိ ရဲထက်အောင်သည် ယင်းပြိုင်ပွဲ ပထမနေ့တွင် ၆၉ ချက်၊ ဒုတိယနေ့တွင် ၆၆ ချက်ဖြင့် နှစ်ရက်ပေါင်းရိုက်ချက် ၁၃၅ ချက်ရိုက်ကာ သတ်မှတ်ရိုက်ချက်ထက် ခုနစ်ချက် လျှော့ရိုက်ပြီး အခြားထိုင်းကစားသမားနှစ်ဦးနှင့်အတူ ပူးတွဲတတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကစားသမား ၉၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် ထိုင်းနိုင်ငံမှ ကစားသမား များနှင့် မြန်မာနိုင်ငံမှ ရဲထက်အောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲအပြီးတွင် Pol KEMARAT (ထိုင်း) က ပထမ၊ Chayodom CHANJARUPHONG (ထိုင်း)က ဒုတိယရရှိပြီး ရဲထက်အောင်နှင့်အတူ Nattapong PUTTA (ထိုင်း) နှင့် Siri SIRICHAROEN (ထိုင်း)တို့က ပူးတွဲတတိယဆုကိုရရှိခဲ့ခြင်းဖြစ်သည်။ ရဲထက်အောင်သည် ထိုင်းနိုင်ငံ၌ ကျင်းပသော Professional အဆင့်ပြိုင်ပွဲများနှင့် ပြည်ပနိုင်ငံများ၌ ကျင်းပသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ၂၀၁၉ ခုနှစ်ကလည်း Asian Tour မှ ကျင်းပသော ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း သိရသည်။

သတင်း- ကိုညီလေး၊ ဓာတ်ပုံ- Thailand PGA