Squid Game မင်းသမီး ဂျန်ဟိုယွန်း Louis Vuitton ရဲ့ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ကိုယ်စားလှယ်ဖြစ်လာ

တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်ပိုင်းက စတင်ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုသူများပြားတဲ့ Squid Game ဇာတ်လမ်းတွဲရုပ်ရှင်မှာ ဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်ထားတဲ့ ဂျန်ဟိုယွန်းဟာ ကမ္ဘာကျော် အသုံးအဆောင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Louis Vuitton ရဲ့ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း လတ်တလောမှာ ထုတ်ပြန်ခဲ့တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ကျော်ကြားတဲ့ မော်ဒယ်တစ်ဦးအဖြစ်မှသည် သရုပ်ဆောင်နယ်ပယ်ဘက် ကူးပြောင်းလာတဲ့ ဂျန်ဟိုယွန်းဟာ ၂၀၁၇ ခုနှစ်အတွင်း Louis Vuitton ရဲ့ ပြပွဲတစ်ခုမှာ ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။ သရုပ်ဆောင်တစ်ဦးအဖြစ် ယခုလို ပွဲဦးမထွက်မီက Louis Vuitton ရဲ့ မော်ဒယ်တစ်ဦးအဖြစ် ပါဝင်လျှောက်လှမ်းခဲ့တဲ့ ဂျန်ဟိုယွန်းကို လတ်တလောမှာ သူ့ရဲ့ ဇာတ်လမ်းတွဲရုပ်ရှင် ကမ္ဘာတစ်ဝန်းကြည့်ရှုသူများပြားခဲ့ပြီး အောင်မြင်မှုနဲ့အတူ Louis Vuitton က ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒီလို ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုရဲ့ ကိုယ်စားလှယ်ဖြစ်လာရတဲ့အပေါ် ဂျန်ဟိုယွန်း က Louis Vuitton နဲ့ မော်ဒယ်တစ်ဦးအဖြစ် တွဲဖက်အလုပ်လုပ်ခဲ့ပြီးနောက် မင်းသမီး တစ်ဦးအဖြစ် စတင်ခဲ့တဲ့ ဘဝသစ်တစ်ခုကို Louis Vuitton ရဲ့ ဂုဏ်ပြုမှုဖြစ်ကြောင်းနဲ့ Louis Vuitton ရဲ့ အမှတ်တံဆိပ် ကိုယ်စားလှယ်တစ်ဦးအဖြစ် အတွေ့အကြုံသစ်တွေကို စောင့်မျှော်နေကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

အေးပြည့်