ထာဝရငြိမ်းချမ်းရေး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေး

နေပြည်တော် စက်တင်ဘာ ၃၀

နိုင်ငံတော်အစိုးရအနေဖြင့် မကြာမီကျရောက်လာမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိစေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ လည်းကောင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော် ၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အောက်တိုဘာလ ၁ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိငါးလကြာ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်းတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရုံး က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ စတင်ပေါ်ပေါက် လာခဲ့ သည်။ ယခုအခါ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင် ပဋိပက္ခများသည် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့် အလှမ်းမနီးသေးဘဲ တိုင်းရင်းသားဒေသအချို့မှာ ပဋိပက္ခများနှင့် ဖွံ့ဖြိုးမှု နောက်ကျလျက်ရှိသည်။ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို အလေး အနက်တန်ဖိုးထားပြီး တစ်တိုင်းပြည်လုံး ငြိမ်းချမ်းသာယာဝပြောရေးကိုရှေးရှု၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယနေ့အချိန်အထိ အကြိမ် ၂၀ ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။ ယနေ့ အချိန်အထိ နှစ်နှစ်နှင့် ကိုးလကျော်အချိန်ကာလပေး၍ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့သည်။ ဤသည်မှာ နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူများအပေါ်ထားရှိသည့် တပ်မတော်၏စစ်မှန် သည့်စေတနာနှင့် သဘောထား ဆန္ဒအမှန်ဖြစ်သည်။

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ရယူပြီးသည့် အချိန်မှစ၍ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ထားရာ ချမှတ်ထားသောအချက်များတွင် “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေး ထားဆောင်ရွက်သွားမည်” ဟု အတိအလင်း ကြေညာထားသည်ကို တွေ့ရမည်ဖြစ် သည်။ တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကိုအခြေခံပြီး နိုင်ငံ၏ ပကတိ လိုအပ်ချက်ဖြစ်သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒသုံးရပ်အပေါ်ရပ်တည်၍ အဖွဲ့အစည်း မျိုးစုံနှင့် ပူးပေါင်း လက်တွဲဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တို့ဆွေးနွေးမှု၊ EAO အဖွဲ့ အချို့က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထပ်မံတိုက်တွန်းလာမှုတို့ကို ကြိုဆိုခဲ့သည်။

 

လက်နက်ကိုင်ပဋိပက္ခပေါ်ပေါက်လာရခြင်းဇာစ်မြစ်သည် ကိုလိုနီလက်ထက်က သွေးခွဲ အုပ်ချုပ် ခဲ့ခြင်း အကျိုးဆက်ဖြစ်သလို လွတ်လပ်ရေးရပြီးကာလမှစ၍ နိုင်ငံရေးအယူဝါဒ ကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားအရေးကွဲပြားမှု၊ အယူဝါဒကွဲပြားမှု အမျိုးမျိုးတို့မှတစ်ဆင့် အုပ်ချုပ်သူအစိုးရအဆက်ဆက်တို့ကို လက်နက်စွဲကိုင်ဆန့်ကျင်နေခြင်းဖြစ်သည်။ လက်နက် ကိုင် နည်းလမ်းသည် မည်သည့်အခါမျှ အောင်မြင်သောနည်းလမ်းမဟုတ်သောကြောင့် မငြိမ်းချမ်းသည့် သံသရာ ရှည်ကြာနေခြင်းဖြစ်သည်။ နိုင်ငံရေးကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းဖြင့် အဖြေရှာမှသာ အောင်မြင်မည်ဖြစ်သည်။ ထို့အပြင် ခေတ် အဆက်ဆက် ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို စေ့စပ်ညှိနှိုင်း အဖြေရှာရာတွင် မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိဒေသ အဖွဲ့အစည်းတစ်ခုတည်းအတွက် ကိုသာမကြည့် ဘဲပြည်ထောင်စုဆိုသည့်အမြင်၊ ပြည်ထောင်စုဆိုသည့်စိတ်ဓာတ်၊ We are Myanmar ဆိုသည့် စိတ်ဓာတ်များဖြင့် ညှိနှိုင်းဆွေးနွေးမှသာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင့် တနေကြသည့် ထာဝရငြိမ်းချမ်းရေးကို အကောင် အထည်ဖော်နိုင်မည်ဖြစ်သည်။ ။

 

 

သို့ဖြစ်ရာ တပ်မတော်သည် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲပြီးသာယာဝပြော ဖွံ့ဖြိုး တိုးတက်လာရေးကိုရှေးရှု၍ ထာဝရငြိမ်းချမ်းရေးရရှိရေးကို ဦးတည်ရည်မှန်း ကာ ငြိမ်းချမ်းရေးလုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိရာ၌ ကနဦးအရေးပါသည့် တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ကာလရှည် ကြာ အကြိမ်ကြိမ် ရပ်ဆိုင်း ပေးထားပြီး ယခုထပ်မံ၍ ငါးလကြာ ထပ်မံတိုးမြှင့်ရပ်စဲ လိုက်ကြောင်း အသိပေးကြေညာ ထားပြီးဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းများအား လက်တွေ့ ကျကျဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် ဝိုင်းဝန်း ကူညီပါဝင်ဆောင်ရွက် ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါကြောင်း။ ။

 

ကြေးမုံ