တိုကျိုအိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ မက္ကဆီကိုအသင်းကို အနိုင်ယူကာ လက်ရှိချန်ပီယံဘရာဇီး ဗိုလ်လုပွဲတက်

တိုကျိုအိုလံပစ် အမျိုးသား ယူ-၂၃ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မက္ကဆီကိုအသင်းနှင့် ဘရာဇီးအသင်းတို့ပွဲစဉ်ကို သြဂုတ် ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဘရာဇီးအသင်းက ပယ်နယ်တီတွင် လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်သည် သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျနေ၍ အချိန်ပိုယှဉ်ပြိုင်ခဲ့ရပြီး အချိန်ပိုတွင် လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိသောနှင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရသည်။  ပယ်နယ်တီ အဆုံးအဖြတ်တွင် ဘရာဇီးအသင်းက ဒန်နီအဲဗက်စ်၊ မာတင်နယ်လီ၊ ဂူမာရက်စ်၊ ရေနီယာတို့ ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့ပြီးမက္ကဆီကိုအသင်းက ရိုဒရီဂွက်ဇ်တစ်ဦးသာလျှင် ဂိုးဝင်အောင် သွင်းယူ နိုင်ခဲ့သောကြောင့် ဘရာဇီးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်း နိုင်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် မက္ကဆီကိုအသင်းသည် အိုချိုအာ၊ မွန်းတိစ်၊ ဗက်ကွက်စ်၊ ရိုမို၊ မာတင်၊ ဗီဂါစသည့် အဓိက ကစားသမားအများစုဖြင့် ဘရာဇီးအသင်းကို ရင်ဆိုင်လာခဲ့သည်။ ဘရာဇီးအသင်းကလည်း နာမည်ကြီး ကစားသမားများဖြစ်သည့် ဆန်တို့စ်၊ ဒန်နီအဲဗက်စ်၊ ရစ်ချတ်လီဆန်၊ ပေါ်လင်ဟို၊ နီနိုတို့ ဖြင့် ပွဲထွက်လာခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်သည့်နှင့်အညီ နှစ်သင်းစလုံး အတောင့်တင်းပုံစံကို အသုံးပြု ကာ ပွဲထွက်လာသည့်အတွက် အကြိတ် အနယ်ရှိခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။

မက္ကဆီကိုအသင်းသည် ကွာတားဖိုင်နယ်တွင် တောင်ကိုရီးယားအသင်းကို ဂိုးပြတ်အနိုင်ယူကာ ကျော်ဖြတ်လာနိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ဘရာဇီးအသင်းကို ပယ်နယ်တီအဆုံး အဖြတ်တွင် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ဘရာဇီးအသင်းသည် မက္ကဆီကိုအသင်းကို အနိုင်ရရှိခဲ့သော ကြောင့် ၂၀၁၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မက္ကဆီကိုအသင်းကို ရှုံးနိမ့်ခဲ့မှုကို ရှုံးကြွေးပြန်ဆပ် နိုင်ခဲ့သည်။

အောင်ဇော်