တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်မည်

နေပြည်တော်၊  ၃၁  ဇန်နဝါရီ 

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ တို့ကို ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး  ပထမနေ့ကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ရာ ပထမနေ့ ပြည်သူ့လွှတ်တော်၏ လျာထားအစီအစဉ်အရ သဘာပတိ တင်မြှောက်ခြင်း၊ သဘာပတိက ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းနှင့် နှုတ်ခွန်းဆက်စကားပြောကြားခြင်းတို့ကို ဦးစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်  ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က သဘာပတိရှေ့မှောက်၌ ကတိသစ္စာ ပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ပြည်သူ့လွှတ်တော်သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်းတို့ကို ဆောင်ရွက်သွားပြီးနောက် ပထမနေ့ အစည်း အဝေး ရပ်နားမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးအစီအစဉ်မှာ လျာထားချက်ဖြစ်သောကြောင့်  အပြောင်းအလဲ ရှိနိုင်ကြောင်းလည်း  သိရသည်။ 

(သတင်းစဉ်)