ယခုလကုန်မှာ ပရိသတ်ရှေ့  အရောက်ပြန်လာမယ့် CNBLUE

တောင်ကိုရီးယားအမျိုးသားတေးဂီတအဖွဲ့ CNBLUE ဟာ အောက်တိုဘာ လကုန်မှာ တေးသီချင်းသစ်နဲ့ အတူ ပရိသတ်ရှေ့ပြန်လည်ပေါ်ထွက်လာမှာဖြစ်ကြောင်း လတ်တလောမှာ ထုတ်ပြန်ခဲ့ပါတယ်။

အဖွဲ့ဝင်တွေ စစ်မှုထမ်းဆောင်ပြီးနောက် ၂၀၂၀ ပြည့်နှစ်အတွင်း တေးအယ်လ်ဘမ်သစ် ထုတ်လွှင့်ခဲ့တဲ့ CNBLUE ဟာ ယခုလကုန်ပိုင်းမှာလည်း ပရိသတ်တွေထံ တေးသီချင်းသစ်တွေ အရောက်ပို့ဆောင်ပေး မှာဖြစ်ကြောင်း အဖွဲ့ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ FNC အင်တာတိန်းမန့်က အောက်တိုဘာ ၅ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဖွဲ့ရဲ့ တေးသီချင်းသစ်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပါဘူး။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်း အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ မင်ဟွတ်နဲ့ ဂျန်ရှင်းတို့ စစ်မှုထမ်းဆောင်ခြင်း ပြီးဆုံး ခဲ့တာကြောင့် အဖွဲ့ဝင်အားလုံး စစ်မှုထမ်းဆောင်ခဲ့ပြီးဖြစ်တဲ့ CNBLUE ဟာ၎င်းနှစ် နိုဝင်ဘာလအတွင်း တေးအယ်လ်ဘမ်သစ် RE-CODE ကို ထုတ်လွှင့်ခဲ့ပါတယ်။ တေးသီချင်း သစ်တွေ မထုတ်လွှင့်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပေမယ့် အဖွဲ့ရဲ့ ကျော်ကြားမှုကြောင့် အဆိုပါတေးအယ်လ်ဘမ်ဟာ ကမ္ဘာ တစ်ဝန်းက နိုင်ငံနဲ့ဒေသ ၁၀ ခုရဲ့ အိုင်ကျွန်းတေးဂီတဇယားမှာ နံပါတ်တစ်နေရာ ရယူနိုင်ခဲ့ကြောင်း လည်း သိရပါတယ်။

အေးပြည့်