နေပြည်တော် ဇန်နဝါရီ ၂၀
(၁၀) ကြိမ်မြောက် အာဆီယံပင်လယ်ဆိပ်ကမ်း ကြားဖြတ်စစ်ဆေးရေးအထူးအဖွဲ့ အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးဟောင်း(ဘူးကွဲ) အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ နိုင်ငံတကာ ဆက်ဆံရေးဌာန၊ ဌာနမှူးက မူးယစ်ဆေးဝါးနှင့် လူလုပ်မူးယစ်ဆေးဝါးအခြေအနေများသည် နေ့စဉ်နှင့်အမျှ လျင်မြန်စွာ ပြောင်းလဲတိုးတက်နေပြီး နည်းပညာဆန်းသစ်လာမှုနှင့်အတူ မူးယစ်ဂိုဏ်းအဖွဲ့များသည် လျှို့ဝှက်ကုတ်သုံး ဆက်သွယ်ရေးစနစ်များ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ အစားထိုးအသုံးပြုလာသည်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ တွေ့ရှိရသည့်အတွက် တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များကို ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိစေရန် အဆင့်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ် လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများကို ပင်လယ်ဆိပ်ကမ်းများအသုံးပြု၍ သယ်ယူပို့ဆောင်ကြသောကြောင့် အချက်အချာကျသော ဆိပ်ကမ်းများတွင် ပရီကာဆာထိန်းချုပ်ရေးကို အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပင်လယ်ဆိပ်ကမ်းများသည် ဒေသတွင်း ကုန်စည်ပို့ဆောင်မှုနှင့် နိုင်ငံအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများတွင် အရေးပါသောကြောင့် နယ်စပ်ဖြတ်ကျော်ဂိုဏ်းအဖွဲ့များ၏ အဓိကအသုံးချခံပစ်မှတ်များဖြစ်လာနိုင်ပြီး အန္တရာယ်မြင့်မားလာနိုင်သည့် အခြေအနေများကိုလည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပင်လယ်ဆိပ်ကမ်းများ လုံခြုံမှုရှိစေရေးအတွက် ယခုထက်ပို၍ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းစစ်ဆင်ရေးများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပင်လယ်ဆိပ်ကမ်းများလုံခြုံရေးနှင့် ကုန်သွယ်ရေးကို အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပင်လယ်ဆိပ်ကမ်း အသုံးပြု သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်ချောမွေ့စေရေးအတွက် ဆောင်ရွက်ခြင်းများ၊ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်ခြင်းများဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုခိုင်မာသော အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ပါရန် တိုက်တွန်းလိုပါကြောင်းနှင့် မူးယစ်ဆေးဝါးကင်းစင်သော အာဆီယံဒေသဖြစ်စေရေးဟူသည့် ဘုံရည်မှန်းချက်များ အောင်မြင်စေရန် ပင်လယ်ဆိပ်ကမ်း ကြားဖြတ်စစ်ဆေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်ကျော်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက်မူးယစ်ဆေးဝါး အခြေအနေများကိုတင်ပြခြင်း၊ အာဆီယံပင်လယ် ဆိပ်ကမ်း ကြားဖြတ်စစ်ဆေးရေးအထူးအဖွဲ့၏ လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးခြင်း၊ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအတွက် အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


