မင်းဘူး ဇန်နဝါရီ ၂၇

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် စကုမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးငြှိမ်းသတ်ယာဉ်နှင့် အမှိုက်သိမ်းယာဉ်ပေးအပ်ပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက စကုမြို့ အမှတ်(၁)ရပ်ကွက်ရှိ ပုညရှင်ဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုပေးအပ်သည့် အီစူးဇူးမီးငြှိမ်းသတ်ယာဉ် သည် ရေဂါလန် ၈ဝဝ ဝင်ဆံ့ပြီး မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ အပြည့်အစုံပါဝင်သည့်အတွက် စကုမြို့ အရန်မီးသတ်စခန်းအတွက် အားထားရသည့် မီးသတ်ယာဉ် တစ်စီးဖြစ်ကြောင်း၊ စကုမြို့အနေဖြင့် နယ်မြေမီးသတ်စခန်း၌ မီးသတ်ယာဉ်နှစ်စီး၊ အရန်မီးသတ်စခန်း၌ မီးသတ်ယာဉ်နှစ်စီး စုစုပေါင်း လေးစီးအထိရှိသည့်အတွက် မီးဘေးလုံခြုံရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ အင်အားပြည့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ စည်ပင်သာယာရေးအဖွဲ့သည် သန့်ရှင်းသော ပတ်ဝန်းကျင်၊ လှပသောမြို့ပြ၊ ကောင်းမွန်သောစွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုစနစ်လုပ်ငန်းမှာ မြို့သူမြို့သားအားလုံး၏ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အရေးကြီးသော လုပ်ငန်းဖြစ်သည့်အတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် အမှိုက်သိမ်းယာဉ်တစ်စီးကို ယခုလို ဖြည့်တင်းပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စကုမြို့ အရန်မီးသတ်တပ်ဖွဲ့အတွက် မီးငြှိမ်းသတ်ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ အရန်မီးသတ် တူညီဝတ်စုံ ၃၅ စုံနှင့် အမှိုက်သိမ်းယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)