ရန်ကုန်   ဖေဖော်ဝါရီ   ၂

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမ ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ အဆိုပါခန်းမ၌ ကျင်းပသည်။ 

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     Jeng Phang   နော်တောင်၊   ရန်ကုန်တိုင်းဒေသကြီး  အားကစားနှင့် ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တာဝန်ရှိသူများနှင့်   အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ  တက်ရောက်ကြသည်။

ဦးစွာ  တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး  ရန်ကုန်မြို့တော်ဝန်  ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး  အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်  တာဝန်ရှိသူများက  နဝရတ်အားကစားခန်းမကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရွှေပြည်သာမြို့နယ် နဝရတ် အားကစားခန်းမ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် အားကစားခန်းမ၌  လူငယ်လူရွယ်များအနေဖြင့် အားကစားလေ့ကျင့်မှုများ စဉ်ဆက်မပြတ်စေဘဲ အားကစားကဏ္ဍ အသက်ဝင်နေစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားကြရန်   လိုအပ်ပါကြောင်း၊  ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာ့လက်ရွေးစင် အားကစားသမားများစွာကို မွေးထုတ်ပေးနိုင်ပြီး  အစဉ်အလာကောင်းသည့် တိုင်းဒေသကြီးတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့  အောင်မြင်မှုမျိုးရရှိခဲ့ခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးတစ်ခုလုံး နယ်ပယ်စုံ၊ ကဏ္ဍစုံဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ပေးခဲ့မှုများကြောင့် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်  အားကစားပြိုင်ပွဲများတွင်   ယခင်နှစ်များထက်   ပိုမို အောင်မြင်မှုများရရှိအောင် အစွမ်းကုန်ကြိုးစား၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရေးအတွက် ဆက်လက်၍  ဝိုင်းဝန်းပံ့ပိုး ထောက်ပံ့ပေးသွားရန် တိုက်တွန်းမှာကြားသည်။ 

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက နဝရတ်အားကစားခန်းမ ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လက်ခံရယူသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး  ရွှေပြည်သာမြို့နယ် နဝရတ် အားကစားခန်းမအား တည်ဆောက်သည့်  Sun Ahlin Thit Co.,Ltd. မှ တာဝန်ရှိသူက စာရွက်စာတမ်းများကို   ရန်ကုန်တိုင်းဒေသကြီး  အားကစားနှင့် ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူး    ဦးကျော်မင်းသန်းထံ လွှဲပြောင်းပေး အပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အထက(၂)လှိုင်သာယာမှ ဘင်ခရာနှင့်  ပန်းဖွားအဖွဲ့နှင့် သရုပ်ပြအားကစားအဖွဲ့များကို   ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ 

ယင်းနောက် မြန်မာ့သိုင်း၊ အေရိုးဗစ်နှင့်   ဝူရှူးအားကစားအဖွဲ့များက အားကစားနည်းများအလိုက် သရုပ်ပြဖျော်ဖြေပြီး မြန်မာ့သိုင်းသရုပ်ပြအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်သီတာခိုင်က ငွေကျပ် လေးသိန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ သရုပ်ပြအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ် နှစ်သိန်းစီ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ(ပညာရေးကော်မတီ) ဒေါ်ဇင်နီမြင့်  U.T.S  ကိုယ်ပိုင်အထက်တန်းကျောင်း ရွှေပြည်သာမြို့နယ်တို့က သရုပ်ပြအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ်  တစ်သိန်းစီ ထပ်ဆောင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်