တောင်ကြီး ဇန်နဝါရီ ၂၂

 

(၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့၊ (၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာသူများက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆုချီးမြှင့်ရေး၊ ဘဏ္ဍာငွေကြီးကြပ်ရေး၊ ကျန်းမာရေးစောင့်ရှောက်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် ညစာစားပွဲကျင်းပရေး၊ ဖျော်ဖြေရေး၊ ပြခန်းများခင်းကျင်းပြသရေး၊ ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပရေး၊ MSME ပြခန်းနှင့် ဒေသထွက်ကုန်များ စျေးရောင်းပွဲတော်ကျင်းပရေး၊ သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေးနှင့် (၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပရေးအတွက် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကော်မတီများ၏တင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)