ရန်ကုန်  ၂၃ ဧပြီ 

 

အရှေ့တောင်အာရှအနေဖြင့် ပထမဆုံးအသုံးပြုသော AMI နည်းပညာသုံး မီတာဖတ်စနစ်နှင့် ဓာတ်အားခငွေကောက်ခံမှုကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်နှစ်ခုဖြစ်သော ပန်းပဲတန်းမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် ယနေ့မှစတင်ကာ တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC )မှ သိရသည်။

 

4360

 

အဆိုပါ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ပန်းဘဲတန်းမြို့နယ် လျှပ်စစ်အုပ်ချုပ်ရေးမှုးရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ /ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် အမှုဆောင်အရာရှိများ/Ever မီတာ ထုတ်လုပ်သူ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ သတင်းမီဒီယာများတက်ရောက်ကြပြီးသိလိုသည့်မေးမြန်းချက်များကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

 

" ဒီနေ့မှာစတင်ဖွင့်လှစ်လိုက်တဲ့ အဝေးထိန်းစနစ်ဖြင့် မီတာယူနစ်ဖတ်ပြီး   ဓာတ်အားခ ကျသင့်ငွေကိုကောက်ခံနိုင်မယ့် Advance Metering Infrastructuer (AMI)စနစ် ဟာအများပြည်သူတွေအနေနဲ့ သူတို့ရဲ့ လက်ကိုင်ဖုန်းကနေတစ်ဆင့် သူတို့ရဲ့ဓာတ်အားသုံးစွဲမှုနဲ့ဓာတ်အားကကျ သင့် မှုကို သိရှိနိုင်တဲ့ ဝန်ဆောင်မှုကို အသိအမှတ်ပြုဖွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။

 

ဒီစနစ်က အရှေ့တောင်အာရှမှာဆိုရင် မြန်မာနိုင်ငံတစ်ခုတည်းမှာပဲ ပထမဆုံး စသုံးတာပါ။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်း၊ စင်ကာပူတို့မှာ  မီတာကိုအဝေးကနေလှမ်းဖက်တဲ့ AMR စနစ်ကိုပဲသုံးတာပေါ့။ ပြည်သူတွေနေနဲ့လည်း နောက်ပိုင်းကာလတွေမှာ လွယ်ကူချောမွေ့စွာ MeBill app ကနေ ဖုန်းနဲ့ ဓာတ်အားခပေးဆောင်နိုင်တဲ့ အဆင့်ကို တရားဝင် ဆောင်ရွက်နိုင်ပါပြီ။"ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်ဦးကပြောသည်။

 

ယခုအခါတွင် AMI နည်းပညာသုံး မီတာဖတ်စနစ်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)အနေဖြင့် ပိုက်လော့ပရောဂျက်အဖြစ် ပန်းဘဲတန်းမြို့နယ်တွင် မီတာအလုံး ၁၅၀ဝ၀ ခန့် နှင့် ဒေါပုံမြို့နယ်တွင် မီတာအလုံး ၂၀ဝ၀ဝ ကျော် ခန့်ရှိကာစုစုပေါင်း AMI နည်းပညာသုံး မီတာအလုံး ၃၅၀ဝ၀ ကျော်ကို ဝန်ဆောင်မှုစတင်ပေးနေပြီဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် မီးသုံးစွဲသူအိမ်ထောင်စုပေါင်း ၁၃၇၀ဝ၀ဝ ခန့်ရှိကြောင်းသိရသည်။ထပ်မံ၍ တောင်ဥက္ကလာပ မြို့နယ်တွင် ထို AMI နည်းပညာစနစ်ကို လာမည့်ခြောက်လအတွင်း ဝန်ဆောင်မှုပေးနိုင်ရန်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

 

အများပြည်သူများအနေဖြင့် AMI စနစ်ကိုအသုံးပြုနိုင်ရန် Android ဖုန်းများ၏  PlayStore မှတစ်ဆင့် MeBill app ကို Downloaded လုပ်ပြီးကာ အသုံးပြုနိုင်ပြီဖြစ်သည်။ မိမိအိမ်တွင်ကျသင့်သော ဓာတ်အားခ /လက်ရှိအချိန်တွင် သုံးစွဲပြီးသောဓာတ်အားခ/ဓာတ်အားကိုလမကုန်မီခြွေတာနိုင်ရန်နှင့်ယူနစ်သုံးစွဲမှုများကိုအချိန်နှင့်တစ်ပြေးညီဖုန်းအင်တာနက်ဖွင့်ကာကြည့်ရှုနိုင်ပြီး ဓာတ်အားခ ကျသင့်ငွေကို ဖုန်းမှတစ်ဆင့် ပေးဆောင်နိုင်ကြောင်းသိရသည်။

 

ထို့ပြင်ဓာတ်အားပျောက်ဆုံးနေမှု လျှပ်စစ်မီး ခိုးယူသုံးစွဲမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ Control Center မှသိရှိကာ အရေးယူမှုများ လျှပ်စစ်မီးဖြတ်တောင်မှုများ ချက်ခြင်းဆောင်ရွက်နိုင်သည့်စနစ်ဖြစ်သောကြောင့် ဓာတ်အားပျောက်ဆုံးမှု သိသိသာသာ လျော့ကျလာမည်ဖြစ်ကြောင်း ထိုနေ့ဖွင့်ပွဲမှ သိရသည်။

 

" Ever  AMI စနစ်က e - Government စနစ်ကိုသွားတဲ့အခြေခံ စနစ်ဖြစ်ပါတယ်။ ဒါကို  နည်းပညာပိုင်းမှာ ကမ္ဘာ့အဆင့်ရှိတဲ့အစ္စရေး နိုင်ငံရဲ့နည်းပညာ/ကိုရီးယားနည်းပညာတွေနဲ့ကျွန်တော်တို့ ရေးဆွဲထားတဲ့ System ပါ။ ဒီစနစ်ကကျွန်တော်တို့မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့စနစ်ကိုရေးဆွဲပြီး ကျွန်တော်အနေနဲ့ (YESC) ကို လှူလိုက်တာဖြစ်ပါ တယ်။ ပျောက်ဆုံးယူနစ်တွေကိုလည်း ပြန်လည်ဖော်ထုတ်နိုင်သလို မီတာဘေလ် ဆောင်ရတဲ့ကိစ္စတွေ ကျသင့်ငွေနဲ့ဓာတ်အားသုံးစွဲမှုပမာဏတွေ ကို ဖုန်းနဲ့ ၂၄ နာရီ ကြည့်ရှုပြီး လျင်လျင်မြန်မြန် တိတိကျကျ ဆောင်ရွက်နိုင်ဖြစ်ပါတယ်။"ဟု Ever မီတာထုတ်လုပ်သူ ဥက္ကဌ ဦးမျိုးအောင် ကပြောသည်။

 

ယခုအခါတွင် မီတာစာရေးတစ်ဦးသည် မီတာသုံးစွဲသူ ၁၀ဝ၀ ဦးကို ၅ ရက်အတွင်းအပြီးဖက်ရကြောင်း ယင်းကြောင့် တစ်နေ့လျှင် မီတာသုံးအလုံး ၂၀ဝ ကို မဖြစ်မနေဖက်ရကြောင်း အချို့နေရာများတွင်အိမ်ရှင်များမှခရီးထွက်၍ တံခါးပတ်ထားသည့်ကိစ္စများ/ မီတာကိုကြည့်မရသည့် ကိစ္စများအပေါ် မှန်းပြီး ယူနစ်ထည့်လိုက်ရသည်များရှိကြောင့် နောက်လတွင်အမှန်မီတာ တကယ်ဖက်ရသည့် အပေါ် ယူနစ်အတိအကျ ရှိရန်လိုတိုး-ပိုလျှော့များပြုလုပ်ရသောကြောင့် ပြည်သူနှင့် မီတာဖတ်စာရေးတို့အကြားတွင် ဓာတ်အားသုံးစွဲမှုများသည်နည်းသည်ဆိုသည့်ပြဿနာများဖြစ်ပေါ်နေမှုများ ရှိကြောင်း ယခုစတင်ဖွင့်လှစ်ပေးလိုက်သော AMI နည်းပညာသည် ယင်းအခက်အခဲများကို ကျော်လွှားကာ ပြည်သူအနေဖြင့် အချိန်ပြည့်မီတာကျသင့်မှုကိုသိရှိနိုင်သည့်စနစ်ကောင်းတစ်ခုဖြစ်ကြောင်း ထိုနေ့ဖွင့်ပွဲမှသိရသည်။

 

သတင်း -  မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး