အိန္ဒိယဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်

ဗဟိုဘဏ်၏လွတ်လပ်မှုနှင့် ပတ်သက်၍ အိန္ဒိယ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ နှင့် သဘောထားကွဲလွဲခဲ့ခြင်းကြောင့်  ဗဟိုဘဏ်  ဥက္ကဋ္ဌ ယူအာဂျစ်  ပါတယ် က ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း ယမန်နေ့က ကြေညာခဲ့သည်ဟု သိရသည်။

ယူအာဂျစ် ပါတယ်သည် ၂၀၁၆ ခုနှစ် တွင်ဗဟိုဘဏ်  ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ သက်တမ်းမှာ လာမည့်နှစ် စက်တင်ဘာအထိဖြစ်ကြောင်း နှင့်  သူသည်  ပြည်တွင်း၊ ပြည်ပ  ရင်းနှီးမြှပ်နှံမှုများအကြား နာမည်ဂုဏ်သတင်း ကောင်းမွန်ခဲ့ပြီး စီးပွားရေး တိုးတက်ခိုင်မာတောင့်တင်းလာအောင် အချိန်ပိုင်းအတွင်း ကြီးကြပ်ခဲ့သော်လည်း မိုဒီ အစိုးရကို အမြဲဝဖန်မှု ပြုလုပ်ခဲ့သူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မိုဒီ အစိုးရက ဗဟိုဘဏ်၏ ဘဏ္ဍာရေး အဖွဲ့အစည်းများ  ကြီးကြပ်ရေးတွင် ပိုမိုပါဝင်မှု ရရှိရန် နှင့် ချိနဲ့သည့် အစိုးရ ဘဏ်များကို ပိုမိုလွယ်ကူစွာ ချေးငှားခွင့်ပြုရန် လိုလားသည်။

သို့သော် ပါတယ် သည် ဤလိုလားချက်ကို ဆန့်ကျင်ခဲ့ပြီး သူက ပြည်တွင်း ရင်းနှီးမြှုပ်နှံသူ ယုံကြည်မှု ကို ထိခိုက်ပြီး ဗဟိုဘဏ်၏ လွတ်လပ်ခွင့်ကို ထိပါးလိမ့်မည်ဟု ဆိုသည်။

ယူအာဂျစ်  ပါတယ် ရာထူးမှ နှုတ်ထွက်ခြင်းသည်  အိန္ဒိယဈေးကွက်များ မတည်မငြိမ် ဖြစ်လာရန်နှင့် လာမည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မည့် မိုဒီကို ထိခိုက်နိုင်ကြောင်း သတင်းဖော်ပြထားသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို