နေပြည်တော် ၂၃  ဧပြီ

             

ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၁၉)” ကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၌ ကျင်းပသည်။

           

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနရှိ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များ၏ အခန်းကဏ္ဍသည် အဓိက အရေးကြီးပါကြောင်း၊   ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ် ပေးနိုင် ရန်အတွက် သင်ကြားလေ့ကျင့်ပေးမည့် ဆရာ၊ဆရာမများ၏ စွမ်းဆောင်ရည် သည်လည်း ကောင်းမွန်မြင့်မားရန်လိုအပ်ပါကြောင်း၊

 

ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များတွင် ဆရာ၊ ဆရာမများကို ဘာသာရပ်ဆိုင်ရာ၊ သင်ကြားသင်ယူမှုနည်းစနစ်ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် သုတေသနပိုင်းဆိုင်ရာ မွမ်းမံသင်တန်းများ ပေးအပ်ဆောင် ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ခွဲစိတ်ကုသမှုများပါဝင်သော ဆေးပညာရပ်များနှင့် အခြားဆေးပညာရပ်များ အသီးသီးမှ ပညာရှင်များအနေဖြင့်လည်း သင်ကြားမှုနည်း စနစ်များနှင့် အတွေအကြုံများကို ဝေမျှခြင်းဖြင့် သင်ကြားသင်ယူမှုများ ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊

           

မြန်မာနိုင်ငံ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မဟာဗျူဟာ (၂၀၁၈-၂၀၂၁)တွင် ပါဝင်သော လုပ်ငန်းစဉ်များကို ဦးစားပေးသတ်မှတ်၍ လက်တွေ့ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များရှိ ဆေးပညာသင်ကြားရေးဌာနများ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားရေးကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် သင်ကြားသင်ယူမှု အထောက်အကူပြုသည့် ပတ်ဝန်းကျင်ကောင်းများ ရရှိစေရန်ကိုလည်း အထူးအလေးပေး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊

           

ဘွဲ့လွန်ဆေးပညာသင်တန်းများ တက်ရောက်သည့် ဆရာဝန်များအနေဖြင့် အလုပ်သင်ဆရာဝန်များနှင့် ဆရာဝန်များကို အတွေ့အကြုံဝေမျှခြင်းနှင့် သင်ကြားခြင်း တို့ကို ဆောင်ရွက်ခြင်းဖြင့် သင်ကြားမှုဆိုင်ရာ အတွေ့အကြုံများလည်း ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ဆီးချိုသွေးချိုရောဂါ အပါအဝင် မကူးစက်တတ်သောရောဂါများ ကုသရာတွင် အရေးကြီးသည့် အာဟာရပညာရှင်များ စတင်မွေး ထုတ်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်သွား စေလိုပါကြောင်း၊ ဆေးနှင့်ဆေးနှီး နွှယ်တက္ကသိုလ်များတွင်  သုတေသန စိစစ်အကဲဖြတ်ရေးအဖွဲ့များ အရေအတွက်ပိုမို တိုးမြှင့်ဖွဲ့စည်းစေလိုပြီး အဆိုပါ သုတေသန စိစစ်အကဲဖြတ်ရေးအဖွဲ့များမှအဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် တိုးမြှင့်စေရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

           

မြန်မာနိုင်ငံ ဆေးသုတေသနမှတ်ပုံတင်မှတ်တမ်းကိုလည်း ဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်အားလုံးမှ မဟာဘွဲ့နှင့်ပါရဂူဘွဲ့စာတမ်းများကို ချိတ်ဆက် မှတ်တမ်းတင်ထားရမည် ဖြစ်ပါကြောင်း၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)တွင် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့် certificate သင်တန်းများ ပြုလုပ်လျက်ရှိရာ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ဆရာ၊ ဆရာမများလည်း တက်ရောက်ကြရမည် ဖြစ်ပါကြောင်း၊

           

ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ စုပေါင်း၍ အဆိုပါ တက္ကသိုလ်များမှ ဘွဲ့လွန်သင်တန်းသားများ ဆောင်ရွက်ထားသည့် သုတေသနစာတမ်းများကို ထည့်သွင်း ဖော်ပြနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ သုတေသဂျာနယ်ထုတ်ဝေသွားနိုင်ရေး အလေးပေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် သုတေသုလုပ်ငန်းများအတွက် ကျပ်ငွေသန်းပေါင်း(၃၀ဝ၀) လျာထားပါသဖြင့် ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများအနေဖြင့် သုတေသနများ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

           

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက(၂၀၁၉-၂၀၂၀) ခုနှစ်တွင် ဒီပလိုမာဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများခေါ်ယူမည့် ကိစ္စရပ်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

           

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဋ္ဌာနမှူးများ၊ တာဝန်ရှိသူများ၊တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မ တော်သူနာပြု နှင့်ဆေးဘက်ပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)

 

1