ဘားအံ ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ အမိတာရာမရဲ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏာလင်္ကာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဧည့်ပရိသတ်များ တက်ရောက် ကြည်ညိုကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အမိတာရာမရဲကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ၊ စာအောင် သံဃာတော်များ၊ စာအောင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းကြသည်။
ယနေ့အခမ်းအနားတွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူခဲ့ကြသည့် ပထမကြီးတန်း ငါးပါး၊ ပထမ လတ်တန်း ၃၆ ပါး၊ ပထမငယ် တန်း ၇၂ ပါး၊ အခြေပြုမူလတန်း ၁၇၀ စုစုပေါင်း ၂၈၃ ပါး၊ ၂၀၂၄ ခုနှစ် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲ အဘိဓမ္မာသုံးဆင့်အောင် ပြည်နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ သုံးဦးတို့အား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်ချီးမြှင့် ပူဇော်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် အမိတာရာမရဲကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကာ အထူးပင့် သံဃာတော်များ၊ စာအောင်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန် စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


