မုံရွာ ၂   မေ


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်းမြို့ မင်းကွန်းဒေသနှင့် ကျောက်မြောင်းမြို့ရှိ နွယ်ငြိမ်းဒေသ တို့တွင် ပြည်တွင်းပြည်ပ ခရီးသွားများ အလွယ်တကူ တက်ဆင်းသွားလာနိုင်ရန်အတွက် ဆိပ်ခံဗောတံတား (၂)ခုကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်းတည်ဆောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦး၏ ပြောကြားချက်အရ သိရသည်။

 

1

 


''စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကို ပြည်တွင်း/ပြည်ပခရီးသွား ဝင်ရောက်မှုက တစ်နှစ်ထက်တစ်နှစ် ပိုပြီး များလာတယ်၊ အဲဒီအထဲက ရေလမ်းကလာတဲ့ခရီးသွားတွေ အတက်အဆင်း အဆင်ပြေစေဖို့အတွက်ကို  မင်းကွန်း ဒေသမှာတော့ ဆိပ်ခံဗောတံတားက(၂)ခုရှိပါတယ်၊ နွယ်ငြိမ်းဒေသမှာတော့ တစ်ခု တည်ဆောက်တာပါ၊ အဓိက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်ပေးတာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။


ဆိပ်ခံဗောတံတား အလျားပေ ၂ဝ၊ အနံပေ ၅ဝ ရှိပြီး စစ်ကိုင်းတောင်ရိုးနှင့်မင်းကွန်းဒေသသို့ လည်းကောင်း၊ နွယ်ငြိမ်းဒေသရှိ စဉ့်ထည်လုပ်ငန်းကိုလည်းကောင်း ရေလမ်းမှ လာရောက်လည်ပတ် လေ့လာကြသည့် ပြည်တွင်း/ပြည်ပခရီးသွားများအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)