နေပြည်တော် ဇန်နဝါရီ ၂၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက နေပြည်တော်ရှိ ရုံးအမှတ်(၃)၌ ကျင်းပသည်။
ဦးစွာပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီပွဲတော်များ ရှိသည့်အနက် ထမနဲဟုဆိုသည်နှင့် တစ်ပြိုင်နက် တပို့တွဲလ ထမနဲပွဲဟူသော စကားရပ်ကို မြန်မာပြည်သူ ပြည်သားများအားလုံး ယှဉ်တွဲသိရှိပြီးဖြစ်ပါကြောင်း၊ တစ်နည်းဆိုသော် ထမနဲပွဲသည် တပို့တွဲလ၏ ပုံရိပ် သင်္ကေတလည်း ဖြစ်ပါကြောင်း၊ ချစ်စရာနှင့်ပျော် စရာလည်းကောင်းလှသော မြန်မာ့ရိုးရာဓလေ့ကို ထိန်းသိမ်းပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဉ် ကျင်းပခဲ့ကာ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဓာတ်ကြီးလေးပါးညီညွတ်မျှတစေရန်အတွက် ဆွေမျိုးမိတ် သင်္ဂဟများအား ဆေးဝါးဓာတ်စာအဖြစ် ထမနဲကို ပေးဝေလှူဒါန်းခြင်းဖြင့် ကောင်းမှုကုသိုလ် ရယူရာလည်းရောက်ပါကြောင်း၊ မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲသည် ဌာနများအလိုက် စုပေါင်းညီညာအောင်ကြောင်းဖြာ သရုပ်ကို ဖော်ဆောင်သော ပြိုင်ပွဲတစ်ခုလည်း ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူစွာ ပါဝင်ဆင်နွှဲ ကြစေလိုပါကြောင်း၊ ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာယှဉ်ပြိုင် သွားစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲတွင် ဝန်ကြီးဌာနမှ ပြိုင်ပွဲဝင် အသင်းများ၏ သတ်မှတ်ပြိုင်ပွဲ စည်းမျဉ်းများနှင့် အညီ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှု အားပေးကြပြီး ဆုရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များက အကဲဖြတ် အမှတ်ပေးခြင်းများ ဆောင်ရွက်ကြကာ ဆုရရှိသည့် အသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများချီးမြှင့်ကြကြောင်း သိရ သည်။
သတင်းစဉ်


