ရန်ကုန် ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော PTI Co., Ltd. မှ အာမခံ အလုပ်သမား ဦးအောင်မျိုးသန့် သည် ၁၇-၈-၂ဝ၂၅ ရက် ည ၈ နာရီခန့်တွင် လုပ်ငန်းတာဝန်ပြီးဆုံး၍ နေအိမ်သို့အပြန် ယာဉ်မတော်တဆမှုဖြစ်၍ မြောက်ဥက္ကလာပဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက် နံနက် ၅ နာရီ ၁၂ မိနစ်ခန့်တွင် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးခန်းမ၌ ပေးအပ်ခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှု ဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော PTICo., Ltd. မှ အာမခံအလုပ်သမား ဦးအောင်မျိုးသန့်၏ အလုပ်ခွင်(ပြင်ပ) ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၇၅၀၀၀၀၀ အား မိခင်ဖြစ်သူ ဒေါ်ကျင်သန်းထံသို့ အလုပ်ဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ ရှေ့မှောက်တွင် ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့်အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ


