ရန်ကုန် ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဖွင့်လှစ်
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ဒဂုံမြို့ သစ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကို၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ဒဂုံမြို့သစ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ပြပွဲနှင့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း၊ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန ပညာပေးပြခန်း၊ ကြက်ခြေနီတပ်ဖွဲ့၏ ပညာပေးပြခန်းများ၊ မြန်မာ့ရိုးရာ သနပ်ခါးပြခန်း၊ မီးသတ်တပ်ဖွဲ့ ပညာပေးပြခန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ပညာပေးပြခန်းများ၊ ယာဉ်ထိန်းရဲ ပညာပေးပြခန်းများ၊ စာအုပ်စာစောင်ပြခန်းများ၊ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ စာဖတ်ရှိန် မြှင့်တင်ရေးဆိုင်ရာ ဉာဏစွမ်းရည် ပြိုင်ပွဲများ၊ စာပေစကားဝိုင်း ဆွေးနွေးပွဲ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများနှင့် စာအုပ်အရောင်းဆိုင်မှ စာအုပ်ရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပွဲတော်လာ ကျောင်းသား လူငယ်များအား စာရေးဆရာ (မောင်ငြိမ့်)က စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း ဟောပြောပြီး ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်တွင် စာပေစကားဝိုင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စွမ်းပဟေဠိ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)


