ရန်ကုန် ဇန်နဝါရီ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၂၉)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ ကြီးမှူးကျင်းပသော ဝိနယပဋိပန္ဓစာအောင်ဆု ဆက်ကပ်ပေးအပ်ပွဲကို ဇန်နဝါရီ ၂၅ ရက်က မြို့နယ်ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် အတုလအောင်ဇေယျုံ ဆုတောင်းပြည့်စေတီတော် (ဦးဘိုးလှဘုရား) သာသနာ့ဗိမာန်၌ ကျင်းပသည်။

 

ဝိနယပဋိပန္ဓစာမေးပွဲတွင် ပထမကြီးတန်း ရှစ်ပါး၊ ပထမလတ်တန်း အပါး ၃၀၊ ပထမငယ်တန်း ၂၂ ပါး၊ အခြေပြုမူလတန်း ၉၄ ပါး၊ သာမဏေတန်း ၇၁ ပါး စုစုပေါင်း ၂၂၅ ပါး အောင်မြင်တော်မူကြကြောင်း သိရသည်။

 

ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အ‌ခြေပြုမူလတန်းနှင့် သာမဏေတန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိတော်မူကြသော သံဃာတော်အရှင်မြတ်များအား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့် တာဝန်ရှိသူများက စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကြွရောက်လာသော ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများလှူဒါန်းခြင်း၊ စာအောင်သံဃာတော်များအား သင်္ကန်းလှူဒါန်းခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

နေမျိုးအောင်