ငပုတော ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရည်မွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် အုပ်ရှစ်ကွင်းအုပ်စု ချောင်းဝကျေးရွာသို့ရောက်ရှိပြီး မီးလောင်ကျွမ်းခဲ့သည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး လတ်တလောနေထိုင်မည့် ယာယီတဲဆောက်လုပ်နေမှုကို ကြည့်ရှုသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမက(ချောင်းဝ)တွင် မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့သည့်ဆန် ၃၅ အိတ်၊ ဆီတစ်လီတာဘူး ၇၀၊ တိုင်းဒေသကြီးဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက ပစ္စည်း ၁၆ မျိုးပါ ၃၅ ပုံး၊ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်း သုံးစွဲရန်အတွက် ထောက်ပံ့ငွေကျပ် ၄၃၇၅၀၀၀ အား ထောက်ပံ့ပေးခဲ့ပြီး ငပုတောမြို့နယ်ကြက်ခြေနီအသင်းမှ တာပေါ်လင် ၄၁ ချပ်၊ တစ်ကိုယ်ရေသန့်ရှင်းရေး သုံးပစ္စည်းထည့်ပုံး ၄၁ ပုံး၊ စောင် ၈၂ ထည်၊ ပစ္စည်း ခြောက်မျိုးပါ စက္ကူပုံး ၄၁ ပုံးတို့အား ထပ်မံထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး နှင့်တာဝန်ရှိသူများသည် မေတ္တာသုခကျောင်းတိုက် ဓမ္မာရုံအတွင်း ယာယီနေထိုင်သည့် မီးဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေးစကား ပြောကြားပြီး မေတ္တာသုခကျောင်းတိုက်ဆရာတော် ဉူးသုမနသီရိအား ဝင်ရောက်ဖူးမြော်ခဲ့ပြီး လိုအပ်သည်များကို လျှောက်ထားတင်ပြကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)


