မြန်မာနိုင်ငံသည် Genocide Convention နှင့် Provisional Measures Order တို့ကို ချိုးဖောက် သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက ကုစားခွင့်များ တောင်းဆိုထားပါကြောင်း နစ်နာသူမဟုတ်သည့်နိုင်ငံ (non-injured State) ဖြစ်သည့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအနေဖြင့် Genocide Convention ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ကြေညာချက်ထုတ်ပြန်ပေးရန်၊ ဆက်လက်ဖြစ်ပေါ်နေသော ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန် အမိန့်ချမှတ်ပေးရန် တောင်းဆိုထားပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ထပ်မံမကျူးလွန်ပါဟု အာမခံချက်ပေးရန် အမိန့်ချမှတ်ပေးရေး၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွင် ကျူးလွန်ခံရသူများ၏ အကျိုးစီးပွားအတွက် လျော်ကြေးပေးခြင်းနှင့် အခြားသော ကျေနပ်နှစ်သိမ့်မှုပေးခြင်း နည်းလမ်းများ အပါအဝင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် သီးခြားလုပ်ဆောင်ချက်များဖြင့် ကုစားပေးရန် ကြေညာချက်ထုတ်ပြန်ပေးရေးတို့ကိုလည်း တောင်းဆိုထားပါကြောင်း။
မြန်မာနိုင်ငံသည် အဆိုပါချိုးဖောက်မှုကို ပြုလုပ်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံက ခိုင်လုံသည့် သက်သေအထောက်အထားများ တင်ပြနိုင်ခြင်းမရှိသည့်အတွက် ကုစားခွင့်ပေးရန်ဟူသော အကြောင်းပေါ်ပေါက်ခြင်းမရှိသည်ကို တင်ပြအပ်ပါကြောင်း၊ တရားရုံးတော်က ကုစားမှုများနှင့်ပတ်သက်၍ သုံးသပ်ဆုံးဖြတ်ရာတွင် (၁) တရားရုံးတော်အနေဖြင့် သီးခြားကုစားမှု တောင်းဆိုချက်တစ်ရပ်ကို လက်ခံကြားနာရန် စီရင်ပိုင်ခွင့် ရှိ-မရှိ၊ (၂) တောင်းဆိုထားသော ကုစားမှုအတွက် ဥပဒေအခြေခံ (legal basis) ရှိ-မရှိ နှင့် (၃) အချက်အလက်များနှင့် ဥပဒေအခြေခံ၏ ဥပဒေဆိုင်ရာသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ-မရှိတို့ကို စိစစ်ရမည်ဖြစ်ပါကြောင်း၊ တောင်းဆိုသည့် ကုစားမှုတစ်ခုချင်းစီအတွက် တရားရုံးတော်၏ စီရင်ပိုင်ခွင့်ရှိရမည်ဖြစ်ပါကြောင်း။
ဂမ်ဘီယာနိုင်ငံကဲ့သို့သော နစ်နာသူမဟုတ်သည့် နိုင်ငံ(non-injured State)တစ်ခုက လူမျိုးသုဉ်း သတ်ဖြတ်မှုကျူးလွန်ခံရသည်ဟု ဆိုသောသူများ၏ အကျိုးစီးပွားအတွက် လျော်ကြေးပေးရန် တောင်းဆိုချက်ကို လက်ခံကြားနာရန် တရားရုံးတော်၌ စီရင်ပိုင်ခွင့်မရှိဟု မြန်မာနိုင်ငံက တင်ပြလိုပါကြောင်း၊ ကုစားမှုများနှင့်စပ်လျဉ်းသည့် တရားရုံးတော်၏ စီရင်ပိုင်ခွင့်သည် “လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှု” ဟူသော စကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် မူတည်နေ ပါကြောင်း၊ “နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှု” ဆိုသော စကားရပ်ကို “နိုင်ငံတကာဥပဒေနှင့်ဆန့်ကျင်သော ပြုမူဆောင်ရွက်ချက်များအတွက် နိုင်ငံများ၏ တာဝန်ရှိမှုဆိုင်ရာ နိုင်ငံတကာဥပဒေစည်းမျဉ်းများ”နှင့် ချိန်ထိုး၍ အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ပါကြောင်း။
ဤစည်းမျဉ်းများအရ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများအတွက် တစ်ဦးချင်းနစ်နာသူများ အား လျော်ကြေးပေးရန် ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှုဆိုင်ရာ အထွေထွေစည်းမျဉ်းများအရ နိုင်ငံသည်သာလျှင် ထိခိုက်နစ်နာသူဖြစ်ပါကြောင်း၊ ထို့ကြောင့် လျော်ကြေး ပေးခြင်းနှင့်စပ်လျဉ်း၍ Article IX အရ တရားရုံးတော် ၏ စီရင်ပိုင်ခွင့်သည် နိုင်ငံအချင်းချင်း တာဝန်ရှိမှု (inter-State responsibility) အပေါ်တွင်သာ ကန့်သတ်ထားပါကြောင်း။
Climate Change နှင့်စပ်လျဉ်း၍ တရားရုံးတော်၏ Advisory Opinion အရ နိုင်ငံတစ်နိုင်ငံ ၏တာဝန်ရှိမှုနှင့် သက်ဆိုင်သော နိုင်ငံတကာဥပဒေ စည်းမျဉ်းများ၌ ပုဂ္ဂိုလ်တစ်ဦးချင်းက တင်ပြသော တာဝန်ရှိမှုအတွက် တောင်းဆိုချက် ပါဝင်ခြင်းမရှိသည်မှာ ထင်ရှားလျက်ရှိပါကြောင်း၊ စီရင်ပိုင်ခွင့်နှင့် ပတ်သက်၍ အပြီးသတ်စီရင်ဆုံးဖြတ်ပြီးဖြစ်ခြင်း (res judicata) သည် တောင်းဆိုထားသော ကုစားမှုများအပေါ် စီရင်ပိုင်ခွင့်ရှိခြင်းလည်း ပါဝင်သည်ဟု ဂမ်ဘီယာက တင်ပြချက်သည် မှားယွင်းလျက်ရှိပါကြောင်း၊ Bosnian Genocideအမှုတွင် တရားရုံးက စီရင်ပိုင်ခွင့်ရှိကြောင်း(existence of jurisdiction)နှင့် စီရင်ပိုင်ခွင့်အတိုင်းအတာ (extent of jurisdiction) တို့ကို ခွဲခြားသုံးသပ်ခဲ့ပါကြောင်း။
Genocide Convention ၏ Article IX ပါ “လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှု” ဆိုသော စကားရပ်၏အဓိပ္ပာယ်အရ ယခုအမှုတွင် တရားရုံးတော်၏ စီရင်ပိုင်ခွင့်သည် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခံရသည်ဟု ဆိုသော သူများ၏အကျိုးစီးပွားအတွက် လျော်ကြေးတောင်းဆို မှုများအထိ သက်ရောက်ခြင်းမရှိဟု ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် တင်ပြအပ်ပါကြောင်း။
ကနဦး ကန့်ကွက်လွှာဆိုင်ရာ စီရင်ချက်သည် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသော ကုစားမှု များအတွက် ဥပဒေအခြေခံရှိ-မရှိ မေးခွန်းကို သုံးသပ်ခဲ့ခြင်းမရှိသလို ဆုံးဖြတ်ခဲ့ခြင်းလည်း မရှိပါကြောင်း၊ ဂမ်ဘီယာ၏ ကုစားခွင့်တောင်းဆိုချက်များသည် ဥပဒေအခြေခံမရှိသည်ကို တင်ပြအပ်ပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခံရသည်ဟု ဆိုသောသူများ၏ အကျိုးစီးပွားအတွက် လျော်ကြေးတောင်းဆိုမှုကို “နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ဆိုးရွားစွာ ချိုးဖောက်မှုများနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပြင်းထန်စွာချိုးဖောက်မှုများမှ ကျူးလွန်ခံရသူများအတွက် ကုစားခွင့်နှင့် လျော်ကြေးရခွင့်ဆိုင်ရာ အခြေခံမူများနှင့် လမ်းညွှန်ချက်များ” (Basic Principles and Guidelines) အပေါ်တွင်လည်း အခြေခံ၍ မရပါကြောင်း၊ အဆိုပါအခြေခံမူများနှင့် လမ်းညွှန်ချက်များသည် ဥပဒေအရ စည်းနှောင်မှု မရှိသလို နိုင်ငံတကာဥပဒေအရ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခံရသည်ဟုဆိုသောသူများထံ တိုက်ရိုက်လျော်ကြေးပေးရန်အတွက် နိုင်ငံတကာဥပဒေအရ တာဝန်ဝတ္တရားတစ်ရပ်ရပ်ကိုလည်း သတ်မှတ်ထားခြင်းမရှိပါကြောင်း။
ဂမ်ဘီယာနိုင်ငံသည် ၎င်း၏ လျော်ကြေးတောင်းဆိုမှုအတွက် အပြည်ပြည်ဆိုင်ရာဥပဒေ ကော်မရှင် (ILC) ၏ နိုင်ငံများ၏ တာဝန်ရှိမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ အပိုဒ် ၄၈၊ အပိုဒ်ခွဲ ၂ (ခ) ကို ကိုးကားထားပါကြောင်း၊ ၎င်းအပိုဒ်တွင် နစ်နာသူ မဟုတ်သော နိုင်ငံများသည် အဖွဲ့ဝင်အားလုံးနှင့် သက်ဆိုင်သော တာဝန်ဝတ္တရားများ (obligations erga omnes partes) ကို အကျိုးခံစားခွင့်ရှိသူများ၏ အကျိုးစီးပွားအတွက် တာဝန်ရှိသော နိုင်ငံထံမှ လျော်ကြေးပေးရန်တာဝန်ကို ဆောင်ရွက်ပေးရေး တောင်းဆိုနိုင်သည်ဟု ဆိုထားပါကြောင်း၊ သို့သော် ဤပြဋ္ဌာန်းချက်သည် နိုင်ငံတကာဓလေ့ထုံးတမ်း ဥပဒေ (customary international law) ကို ထင်ဟပ်ဖော်ပြခြင်းမရှိပါဟု မြန်မာနိုင်ငံ၏ ချေပလွှာတွင် တင်ပြထားပြီးဖြစ်ပါကြောင်း။
လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခံရသည်ဟု ဆိုသူများ၏ အကျိုးစီးပွားအတွက် လျော်ကြေး တောင်းဆိုချက်အတွက် ဂမ်ဘီယာက ILC ၏ “နိုင်ငံများ၏ တာဝန်ရှိမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ” အပိုဒ် ၄၈၊ အပိုဒ်ခွဲ ၂ (ခ) ကို ကိုးကားထားပါကြောင်း၊ ယင်းအပိုဒ် ၄၈၊ အပိုဒ်ခွဲ ၂ (ခ) အရ အကျိုးခံစားခွင့် ရှိသူတစ်ဦးသည် အခြားအကျိုးခံစားခွင့်ရှိသူတစ်ဦး ၏ အကျိုးစီးပွားအတွက် လျော်ကြေးတောင်းဆိုခွင့် မရှိပါကြောင်း၊ ဂမ်ဘီယာက မြန်မာနိုင်ငံအား “ရိုဟင်ဂျာ အုပ်စုဝင်အားလုံးကို နိုင်ငံသားဖြစ်ခွင့် အပြည့်အဝနှင့် တန်းတူညီမျှပေးအပ်ရန်”နှင့် “တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များအား ထိရောက်သော အရပ်သားအုပ်ချုပ်မှုဖြင့် ထိန်းချုပ်ထား ကြောင်း”သေချာစေရန် အမိန့်ချမှတ်ပေးရေး တောင်းဆိုထားပါကြောင်း၊ အဆိုပါတောင်းဆိုထားသောအမိန့်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းစီရင် ပိုင်ခွင့်နယ်ပယ် (domaine re'serve') ကို နက်ရှိုင်းစွာ စွက်ဖက်ခြင်းဖြစ်ပါကြောင်း။
တရားရုံးတော်၏ ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့် အပိုဒ် ၈၆ (၁)၊ (၂) နှင့် (၃) ကို ချိုးဖောက်မှု မှန်သမျှအတွက် “မူလအခြေအနေသို့ ပြန်လည် ရောက်ရှိစေခြင်း (restitution) ကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးရန်” ဂမ်ဘီယာက တောင်းဆိုထားပါကြောင်း၊ ဂမ်ဘီယာသည် အဓိကတရားစီရင် ဆောင်ရွက်မှုတွင် လူမျိုးသုဉ်းစေသောပြုလုပ်မှုကို ကြေညာပေးခြင်းဖြင့် ကုစားမှုကိုသာရရှိရန် အကန့်အသတ်ရှိသောကြောင့် ကြားဖြတ်စီမံဆောင်ရွက်မှု အမိန့်ကို ချိုးဖောက်သည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်၍ မူလအခြေအနေသို့ ပြန်ရောက်စေခြင်းနှင့် လျော်ကြေးတို့ကို တောင်းဆိုနိုင်မည် မဟုတ်ပါကြောင်း။
ဂမ်ဘီယာသည် နောက်ဆက်တွဲညှိနှိုင်းမှုများတွင် မြန်မာနိုင်ငံထံမှ ငွေပမာဏ အများဆုံးရယူ နိုင်ရန် မျှော်လင့်ချက်ဖြင့် ထိခိုက်နစ်နာမှုကို အတိအကျမဖော်ပြဘဲ ဖြစ်ပေါ်ခဲ့သည့် ထိခိုက်နစ်နာမှု တစ်ရပ်ရပ်အတွက် မြန်မာနိုင်ငံက မူလအခြေအနေသို့ ပြန်ရောက်စေရမည် သို့မဟုတ် လျော်ကြေးပေးရမည်ဟု တရားရုံးတော်မှ စိတ်ကူးပုံဖော်၍ ယေဘုယျ ဆန်သော ကြေညာချက် (abstract and general declaration) တစ်ရပ် ထုတ်ပြန်ပေးရန်သာ ကြိုးပမ်း နေပါကြောင်း၊ သို့သော် တရားရုံးတော်၏ တာဝန်မှာ စိတ်ကူးပုံဖော်ထားသော ဥပဒေဆိုင်ရာ ဖော်ပြချက်များကို ပြုလုပ်ရန်မဟုတ်ဘဲ ခိုင်မာတိကျသော အငြင်းပွားမှုများကို ဖြေရှင်းပေးရန်ဖြစ်ပါကြောင်း၊ တရားရုံးတော်သည် ကြားဖြတ်စီမံဆောင်ရွက်မှု အမိန့်ကို ချိုးဖောက်ခြင်းအတွက် လျော်ကြေးပေးရန် တစ်ကြိမ်တစ်ခါမျှ အမိန့်မချမှတ်ခဲ့ဖူးပါကြောင်း၊ ဂမ်ဘီယာ၏ အခြားသော ကုစားမှုများအတွက် တောင်းဆိုချက်သည် ဥပဒေအခြေခံမျှ မရှိသဖြင့် ပယ်ချသင့်ပါကြောင်း ပြောကြားခဲ့ပါသည်။


