ဂန့်ဂေါ ဖေဖော်ဝါရီ ၁

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက မြန်မာနိုင်ငံတစ်ဝန်းရှိ မကူးစက်တတ်သောရောဂါများ၏ ဖြစ်ပွားနိုင်ခြေလေ့လာခြင်း သုတေသနကို ၂၀၂၄ ခုနှစ်မှစတင်၍ ဆောင်ရွက်ပြီးစီးခဲ့ပြီး မကူးစက်တတ်သောရောဂါဖြစ်ပွားမှုများကို ကာကွယ်တားဆီးခြင်းလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း အာဟာရမျှတစွာစားသုံးသည့် အလေ့အထများရရှိရန် ပံ့ပိုးကူညီပေးရာတွင် နိုင်ငံတော်က ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလီယံကို ခွင့်ပြုပေးခဲ့ကြောင်းနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှစ၍ အသက်(၁၀)နှစ်အောက် ကလေးငယ်များအား သတ်မှတ်အကြိမ်ရေပြည့်မီအောင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ပေးနိုင်ရေးကို အထူးအလေးထားဆောင်ရွက်၍ ကျန်းမာရေးအသိအမြင်များ ဖွံ့ဖြိုးစေရန် ဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက် ကြစေလိုကြောင်း အမှာစကားပြောကြားသည်။

 

အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

မောင်မျိုးမင်း