ပေါင်  ၂  မေ 

 

ပေါင်မြို့၊ ကဒါရပ်ကွက်၊ ကဒါအထက်မူလတန်းကျောင်းတွင် ဂျပန်နိုင်ငံမှလှူဒါန်းသည့် နှစ်ထပ်ကျောင်းဆောင်အား  လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ မွန်ပြည်နယ် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘုန်းဇော်၊ သထုံခရိုင်ပညာရေးမှူး ဦးသိန်းဝင်း၊ ပေါင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ဒုတိယပညာရေးမှူး ဦးညွန့်တင်၊ ဂျပန်နိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံး၊ တတိယအတွင်းဝန် Miss.Suzumi Sekine နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ပညာရေးဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ကျောင်းသူကျောင်းသားများစသည့် ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ယင်းကျောင်းတွင်  စာသင်ဆောင် လုံလောက်မှုမရှိသည့်အတွက် မြန်မာ-ဂျပန်ချစ်ကြည်ရေးအနေဖြင့်  ဂျပန်နိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးအေဂျင်စီ John Engineering Co.,Ltd မှ (၈၃ '× ၃၀'×၂၇')ရှိ သံကူကွန်ကရစ် နှစ်ထပ်ကျောင်းဆောင်နှင့် ကျောင်သုံးဆက်စပ်ပစ္စည်းအစုံကို ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သံကူကွန်ကရစ် နှစ်ထပ်ကျောင်းဆောင်ကိုဆောက်လုပ် လှူဒါန်းမှုကို John Engineering Co.,Ltd  မှ တာဝန်ယူကာ ၂၀၁၈ ခုနှစ် မေလမှစတင်၍ ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျောင်းဆောင်သစ်ကို ဆောက်လုပ်ပြီးစီးကာ ကုန်ကျငွေအနေဖြင့်  အမေရိကန်ဒေါ်လာ ၂၂၀ဝ၀ဝ ကုန်ကျခဲ့ကြောင်းနှင့် အဆိုပါ ကျောင်းဆောင်တွင် ကျောင်းသား၊ ကျောင်းသူ ၃၀ဝ  စာသင်ကြားနိုင်ကြောင်း သိရသည်။ ကဒါအထက်ကျောင်းတွင် လက်ရှိ၌ ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသား ပေါင်း ၂၅၀ ရှိကြောင်း သိရသည်။

 

ဇင်မျိုးသူ

 

IMG201