ချောက် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူး ဒေါ်ယုယုအောင်က တောင်ယာမီးရှို့ခြင်း၊ တောမီးလောင်မှုနှင့် အမှိုက်မီးရှို့မှုများကြောင့် ဖြစ်ပွားတတ်သည့် မီးခိုးမြူငွေ့ပြဿနာများ၊ မီးကိုအသုံးပြုရာတွင် လိုက်နာရမည့်အချက်နှင့် ရှောင်ကြဉ်ရမည့်အချက်များကို လည်းကောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသက်တင်က မီးသတ်ဆေးဘူး ကိုင်တွယ်အသုံး ပြုနည်းများနှင့် အသုံးပြုပုံအဆင့်ဆင့်၊ မီးငြှိမ်းသတ်နည်းများကို လည်းကောင်း ဟောပြောခဲ့ကြသည်။
ထို့နောက် ဆီမီးငြှိမ်းသတ်ပုံနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ပုံများကို ကျောင်းသား ကျောင်းသူများအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


