မြစ်ကြီးနား   ဇွန်   ၈

ဥပဒေရေးရာ   အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌  ကျင်းပသည်။

ဆွေးနွေးပွဲတွင်  ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး   ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်နေမှုနှင့်  ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးက ဥပဒေရေးရာဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အဂတိတိုက်ဖျက်ရေးဥပဒေပါ သိကောင်းစရာများကို  လည်းကောင်း၊ ရုံးအဖွဲ့မှူး ဦးစံဖေက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)အကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ်လှိုင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ သိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးဟောပြောကြသည်။

ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်း မဂျွယ်ခန်းမ၌  ကျင်းပသည့် မုတ်သုံဦး MSME ထုတ်ကုန် ပစ္စည်းပြပွဲ၊  ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့  တက်ရောက်ပြီး  အထူးဆုရရှိခဲ့သည့် လုပ်ငန်းရှင် လေးဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)