ကလော ဇန်နဝါရီ ၂၈
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလောမြို့နယ် ရပ်ကွက်(၈)မှ တာယော-ရွာသစ်-ရွှေမင်းဖုန်းဘုရား-တောင်ပဲ့ကျေးရွာသွား ကတ္တရာလမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကမ္ပည်းကျောက်စာတိုင်ကို အမွှေးနံ့သာဖြင့် ပက်ဖျန်းပေး၍ ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောမြို့နယ် ရပ်ကွက်(၁၁)မှ နန်းတိုင်းကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းတွင် နန်းသဲချောင်းကူး ကွန်ကရစ် တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်၌ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကလောနယ်မြေ ကလောဘူတာ အဆောက်အအုံအား ရှေးမူမပျက် ပြန်လည်တည်ဆောက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ကလောပြည်သူ့ဆေးရုံ ခြံစည်းရိုးကာရံဆောင်ရွက်ရန် လိုအပ်သည့် နေရာများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


