ရန်ကုန် ၂ မေ
ကမ္ဘာတွင် ဒုတိယရှားပါးလိပ်ဖြစ်သည့် တိုက်လိပ် အကောင်(၅၀) ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ဧပြီ(၂၇)ရက်နေ့က ရောက်ရှိရာ မြန်မာ့မျိုးရင်းစိတ်ဖြစ်သော တိုက်လိပ်(ကစ်ရှုးကား)ကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်စေရန် ပြသထားကြောင်း သိရသည်။
“ကမ္ဘာ့မှာ ဒုတိယရှားပါးလိပ်ဖြစ်တဲ့ တိုက်လိပ်ကို ဧပြီစတုတ္တပတ်က မန္တလေး ရတနာပုံဥယျာဉ်က WCF အစီအစဉ်နဲ့ အကောင်(၅၀) ရောက်လာပါတယ်။ ရှားပါးလိပ်မြန်မာ့ မျိုးရင်းဖြစ်ပြီးတော့ သူ့ဒေသဟာ ချင်းတွင်းမြစ်ဘက်ကပါ။ ကမ္ဘာမှာ ရှားပါးလိပ်ဖြစ်တာကြောင့် WCF က မန္တလေးဥယျာဉ်မှာ မျိုးပွားသားဖောက်ပြီး ဒေါက်တာနှစ်ဦးက ရန်ကုန်ကိုပို့ဆောင်တာပါ။ မျိုးဆက်ကို ထိန်းသိမ်းတဲ့အပြင် အများပြည်သူ သိရှိအောင် ပြသထားပါတယ်။ ရှားပါးလိပ်ဖြစ်တဲ့ကြယ်လိပ်လည်း ရှိပါတယ်။ တိုက်လိပ်ဟာ မြန်မာပြည်အတွက် ဂုဏ်ယူစရာမျိုးစိတ် တစ်ခုဆိုရင်လည်း မမှားပါဘူး”ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ တာဝန်ခံဆရာဝန် ဒေါက်တာထွန်းမြင့်က ပြောသည်။
ကမ္ဘာပေါ်တွင် ရေချိုလိပ် အမျိုးအစားပေါင်း(၃၀ဝ)ကျော်ရှိပြီး ရေငန်လိပ်မျိုးစိတ် ပို၍များပြားကာ ပထမ ရှားပါးလိပ်မှာ ရွက်ပီတက်တာလိပ်ဖြစ်ရာ (၂) ကောင်သာ ကျန်ရှိပြီး ထိုလိပ်(၂)ကောင်မှာ တရုတ်ပြည်တွင် မွေးမြူထိန်းသိမ်းထားကြောင်း၊ ကမ္ဘာ့ရှားပါးလိပ်(၂၉)မျိုးတွင် တိုက်လိပ်သည် ဒုတိယရှားပါးလိပ်ဖြစ်ပြီး ရေထဲနှင့် ရွှံ့နွံထဲတွင် နေထိုင်လျက် ကြယ်လိပ်သည် ကုန်းတွင်းတွင် နေထိုင်သော မျိုးစိတ်ဖြစ်ရာ မြန်မာပြည်တွင် တိုက်လိပ်နှင့်ကြယ်လိပ်သည် မြန်မာပြည်၏ မျိုးစိတ်ရင်းဖြစ်သောကြောင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ပြသထားမှုသည် ရန်ကုန်မြို့နှင့် မြန်မာပြည်အတွက် ဂုဏ်ယူစရာဖြစ်သည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တစ်နှစ်ထက်တစ်နှစ် အပူရှိန်မြင့်လာမှုကို တိရစ္ဆာန်များ ခံနိုင်ရည် ရှိစေရန်နှင့် သေဆုံးမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် အမိုးအကာများ တပ်ဆင်ခြင်း၊ ရေစိမ်အိုင်နှင့် ရွှံ့လူးအိုင်များ ထားရှိပေးခြင်း၊ အပူရှိန်ကြောင့် ဆားဓာတ်လိုအပ်သည့်အတွက် ဆားကျင်းများ ထားရှိခြင်း၊ နံနက်ပိုင်းတွင် ရေသယ်ယာဉ်ဖြင့် ဥယျာဉ်ကိုရေဖျန်းပက်ခြင်း၊အရည် ရွှမ်းသော ဖရဲသီးအပါအဝင် အခြားသစ်သီးများကျွေးခြင်း၊ ကျားနှင့်ခြင်္သေ့အတွက် ရေဓာတ်ခန်းခြောက်မှု မရှိစေရန် ဂလူးကို့စ်နှင့် ဓာတ်ဆားကို သောက်ရေကန်အတွင်း ထည့်သွင်းတိုက်ကျွေးခြင်း၊ ဆင်များကို အပူဒဏ်ကာကွယ်နိုင်ရန် ရေချိုးပေးခြင်း၊ရေဓာတ်အတွက် ကြံကျွေးခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ယမန်နှစ် နွေရာသီအစတွင် ဝက်ဝံများ ဖျားနာမှုရှိခဲ့သာ်လည်း ယခုနှစ်တွင်ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုကြောင့် တိရစ္ဆာန်များ ဖျားနာသေဆုံးမှု မရှိကြောင်းနှင့် ကမ္ဘာတွင် ဒုတိယရှားပါးလိပ်ဖြစ်သည့် တိုက်လိပ်အကောင်(၅၀)ကိုလည်း နွေအပူဒဏ် ကာကွယ်နိုင်ရန် ရေကန်အတွင်း ရေမပြတ်ထားရှိ မွေးမြူပြသထားကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး


