နေပြည်တော် ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ကမ္ဘောဒီးယားနိုင်ငံအစိုးရအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ အဆိုပါကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများသည် ၎င်းတို့အစီအစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးသို့ သတင်းပေးပို့မှုများအရ လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက လွှဲပြောင်းပေးအပ်မှုများအရလည်းကောင်း ကမ္ဘောဒီယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနက် ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ဇန်နဝါရီ ၂၃ ရက် နံနက်အစောပိုင်းတွင် မြန်မာနိုင်ငံ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ဒုတိယအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၅၀ ကို ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာ့ လေကြောင်းလိုင်း (MAI) ဖြင့် မြန်မာနိုင်ငံ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လည်းကောင်း၊ ၁၉၀ ကို ယနေ့ ညနေပိုင်းတွင် တပ်မတော်လေယာဉ်နှစ်စင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့လည်းကောင်း၊ ထပ်မံ၍ ၁၉၀ ကို ယနေ့ညပိုင်းတွင် တပ်မတော်လေယာဉ် နှစ်စင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့လည်းကောင်း ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ရာ ယနေ့အထိ မြန်မာနိုင်ငံသား ၅၆၆ ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယနေ့တွင် မြိတ်လေဆိပ်သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်ရှိသည့် မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


