မုံရွာ ဖေဖော်ဝါရီ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော် (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကန့်ဘလူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော် အပါး ၂၇၀ အား ဆွမ်းဆန်စိမ်းနှင့် ဝတ္ထုငွေများ လောင်းလှူကြသည်။

 

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည့် ကန့်ဘလူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကန့်ဘလူခရိုင်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး သယံဇာတရေးရာဝန်ကြီးနှင့် အတူ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့နယ်တို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန့်ဘလူမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များက လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုပြီး ဆေးကုသမှု ခံယူနေကြသူများအတွက် အာဟာရပြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)