ကယားပြည်နယ်အတွင်း ကျား/မ အခြေပြုအကြမ်းဖက်ခံရသူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် အဖွဲ့များ၏ (၂)နှစ်တာ လုပ်ငန်းများပြန်လည်သုံးသပ်ခြင်းနှင့် အကြံပြုချက်များရယူခြင်း ဆွေးနွေးပွဲကျင်းပ

ကျား/မ အခြေပြုအကြမ်းဖက်ခံရသူများ၏ လိုအပ်ချက်ပြည့်မှီနိုင်ရန်၊ GBV  ပေါင်းစပ်ညှိနှိုင်းရေးနှင့် လွှဲပြောင်းညွှန်းပို့ခြင်းယန္တရား တိုးတက်အားကောင်းလာစေရန် ရည်ရွယ်၍ ကယားပြည်နယ်အတွင်း ကျား/မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသောအဖွဲ့များ၏ (၂)နှစ်တာ လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ Famous Hotel  ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်သန့်ဇင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်ပြီး ကဲရ်မြန်မာမှအကြီးတန်းစီမံချက် အရာရှိ ဒေါ်ဖလော်ရာဂျူး ကရှင်းလင်း တင်ပြသည်။

 

ဆက်လက်ပြီး ကယားပြည်နယ်အတွင်း ကျား/မအခြေပြု အကြမ်းဖက်ခံရသူများအတွက် ကူညီဆောင် ရွက်နေကြသောအဖွဲ့များ၏ (၂) နှစ်တာလုပ်ငန်းပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ GBV လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲစိန်ခေါ်မှုများ အားဆွေးနွေးခြင်း၊ တက်ရောက်လာသည့် အစိုးရဌာနများသို့ GBV လုပ်ငန်းများအပေါ် လိုအပ်သော အကြံပြုလမ်းညွှန်ချက်များ တောင်းခံခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကယားပြည်နယ်အတွင်း ကျား/မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများမှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

ထွန်းလေး