လွိုင်ကော် ဖေဖော်ဝါရီ ၂
ကယားပြည်နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
မှာကြား
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများက ပူးပေါင်း ဆောင်ရွက်ကြရန်၊ အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားမည့် အခမ်းအနားတွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသား ပြည်သူများ စုံလင်စွာတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တက်ရောက် လာသည့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဝင်များက မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပေါင်းစပ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


