လွိုင်ကော် ဇန်နဝါရီ ၂၇

ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁)၌ ကျင်းပခဲ့သည့် လူငယ်ငြိမ်းချမ်းရေး ဖိုရမ်-၂၀၂၆သို့ ပြည်နယ်ကိုယ်စားပြုတက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းတင်ပြ ပွဲကို   ယနေ့နံနက်ပိုင်းက  လွိုင်ကော်မြို့   ပြည်နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး က  လူငယ်ငြိမ်းချမ်းရေး ဖိုရမ်-၂၀၂၆ ကို ပြည်နယ်ကိုယ်စားပြု တက်ရောက်ခဲ့ကြသည့် လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဖိုရမ်မှရရှိလာသည့် အတွေ့အကြုံကောင်းများကို  ပြန်လည်မျှဝေခြင်း ဖြစ်သည့်အတွက် လူငယ်များအတွက်  အကျိုးရှိ ထိရောက်သည့်  ဗဟုသုတကောင်းများ  တိုးပွားနိုင်မည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေးအတွက် လူငယ်များဘက် စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံစေရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့်လည်း စည်းလုံးညီညွတ်မှုအားဖြင့် နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်များ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရေး ကိစ္စရပ်များတွင် တစ်ထောင့်တစ်နေရာက တက်ကြွစွာ   ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း   ပြောကြားသည်။

ထို့နောက် ကယားပြည်နယ် လူမှုရေးရာဝန်ကြီးက လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ အထိမ်းအမှတ်တံဆိပ်ကို ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အပ်နှံသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ သို့ ပြည်နယ်ကိုယ်စားပြု တက်ရောက်ခဲ့သော  လူငယ်ကိုယ်စားလှယ်အဖွဲ့နှင့် အဆိုအကအဖွဲ့တို့အား   ဂုဏ်ပြုဆုငွေများ   ပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာလူငယ်ကိုယ်စားလှယ်များက လက်ခံရယူသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “ငြိမ်းချမ်းရေးနှင့်  နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှု မြှင့်တင်ပေး”  မှတ်တမ်းဗီဒီယို ပြသမှုကို ကြည့်ရှုအားပေးပြီး လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်မှ   အုပ်ချုပ်သူတစ်ဦးက   လူငယ် ငြိမ်းချမ်းရေး ဖိုရမ်-၂၀၂၆ သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံကို ရှင်းလင်းတင်ပြ၍ လွိုင်ကော်တက္ကသိုလ်မှ လူငယ်ကိုယ်စားလှယ်တစ်ဦးက  “လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆” ကြေညာစာတမ်းကို ဖတ်ကြားတင်ပြသည်။

 ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများ၏  “ပန်းရောင်စုံနဲ့ လှတဲ့မြေ”   တေးသီချင်းဖြင့်   သရုပ်ဖော်ဖျော်ဖြေ တင်ဆက်မှုကို  ကြည့်ရှုအားပေးပြီး  ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ယနေ့   လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆  သို့ ပြည်နယ်ကိုယ်စားပြု  တက်ရောက်ခဲ့သည့် လူငယ် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းတင်ပြ ပွဲတွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ သို့ ပြည်နယ် ကိုယ်စားပြုတက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ် များက သက်ဆိုင်ရာခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး လွိုင်ကော်မြို့ပေါ်ရှိ အခြေခံပညာနှင့် အဆင့်မြင့်ပညာ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် သင်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ 

 ပြည်နယ်(ပြန်/ဆက်)