လုပ်ကွက်ငယ်တောင်သူများ၏ ကုန်ထုတ်စွမ်းအားကိုတစ်ဖက်တစ်လမ်းက မြှင့်တင်ပေးရန် နှမ်းကုန်ချောထုတ်စက်ရုံဖွင့်လှစ်

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ သိသာစွာဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် ယခုကဲ့သို့ နှမ်းကုန်ချောထုတ်စက်ရုံဖွင့်လှစ်ပေးနိုင်ခြင်းသည် လုပ်ကွက်ငယ်တောင်သူများ၏ ကုန်ထုတ်စွမ်းအားကို တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးရာရောက်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသေးစားထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးကို အဓိကအထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ယနေ့နံနက်ပိုင်း က မကွေးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် PC Myanmar တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် နှမ်းကုန်ချောထုတ်လုပ်စက်ရုံ ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။

 

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဋ္ဌေးတို့က အမှာစကားပြောကြားသည်။ 

 

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က နှမ်းကုန်ချောထုတ် လုပ်စက်ရုံလည်ပတ်မှု အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးနည်းပညာဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒေသခံ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

 

လုပ်ကွက်ငယ်နှမ်းတောင်သူများစုစည်း၍ အစုအဖွဲ့ပုံစံဖြင့် အများပိုင်စက် ပစ္စည်းနှင့် ငွေကြေးများအား စနစ်တကျစီမံအုပ်ချုပ်နိုင်စေပြီး ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်ရန်၊ အစိုးရ-ပြည်သူ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော နှမ်းစိုက်ပျိုးစီးပွားလုပ်ငန်းဖြစ်ထွန်းစေရန်တို့ကို ရည်ရွယ်၍ ယခုဖွင့်လှစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပိုင်ဆိုင်သော နှမ်းကုန်ချောထုတ်လုပ်စက်ရုံကို နှမ်းစိုက်တောင်သူများအသင်းသို့ နှစ် ၃၀ အခမဲ့ ငှားရမ်းပေးခြင်းဖြစ်သည်။

 

နှမ်းစိုက်တောင်သူများအသင်းကို မကွေးမြို့နယ်မှ ကျေးရွာ ၁၇ ရွာ၊ မင်းဘူးမြို့နယ်မှ ကျေးရွာ ၁၃ ရွာဖွဲ့စည်းခဲ့ပြီး ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများဖြင့်ပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည် သူများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ၂၀၂၀ ခုနှစ်အထိစီမံကိန်း ကာလ ၃ နှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ယနေ့အထိ ရေရရှိရေး ၁၂ ခု၊ နှမ်းကုန်ချောထုတ်လုပ်စက်ရုံ ၁ ခု၊ စက်ကိရိယာနှင့်သွင်းအားစုပံ့ပိုးခြင်း ၃၄ ကြိမ်၊ အသက်မွေးဝမ်းကျောင်းသင်တန်းအကြိမ် ၁၅၀၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအကြိမ် ၄၀ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)