မင်းဘူး ၂ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်နှင့် ချောက်မြို့နယ် လူမှုဖူလုံရေးရုံးတို့တွင် အကျုံးဝင် မှတ်ပုံတင်ထား သည့် အာမခံအလုပ်သမား သုံးဦးတို့၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ ပင်စင် အကျိုးခံစားခွင့် ငွေလုံးငွေရင်း ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ နောက်ဆုံးပတ်အတွင်းက မင်းဘူးမြို့၊ မန်းရေနံမြေ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တာဝန်ခံအရာရှိ ဒေါ်အိအိသွယ်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအကြောင်း သိကောင်းစရာများနှင့် လုပ်ငန်းခွင် ထိခိုက်သေဆုံးသူ သုံးဦးအား ကျန်ရစ်သူ ပင်စင်အကျိုးခံစားခွင့် ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးဦးမြင့်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့် တိုင်းဒေသကြီး အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး တာဝန်ခံ ဒေါ်နုနုဆွေတို့က မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မန်းရေနံမြေမှ အာမခံအလုပ်သမား ဦးသူရအောင်၏ အလုပ်ခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၄၈၆၀ဝ၀ဝ အားလည်းကောင်း၊ ချောက်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးကျော်မျိုးသက်၏ အလုပ်ခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုး ခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၅၀ဝ၀ဝ၀ဝ အားလည်းကောင်း၊ ချောက်ရေနံမြေမှ အာမခံအလုပ်သမား ဦးရဲမင်းထွန်း၏ အလုပ်ခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၄၃၂၀ဝ၀ဝ အားလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ရာ အကျိုးခံစားခွင့်ရရှိသူ မန်းရေနံမြေမှ ကွယ်လွန်သူ ဦးသူရအောင်၏ ဇနီး ဒေါ်စုစုထက်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)


