မဲခေါင်ဒေသရှိ ဝါး ဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု သင်တန်းဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ  ၂၄

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ကြီးမှူး၍ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၀) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် “မဲခေါင်ဒေသရှိ ဝါး ဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ Minister Counsellor Madam Li Xiao Yan၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် နိုင်ငံတကာကြိမ်နှင့် ဝါးအဖွဲ့အစည်း   (International Bamboo and Rattan Organization – INBAR) မှ ညွှန်ကြားရေးမှူးချုပ်   Mr. Ali Mchumo တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

 

သင်တန်းဖွင့်ပွဲသို့ ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Mr. CHHOUK Bunna၊ လာအိုနိုင်ငံသံရုံးမှ Deputy Chief of Mission Mr. Bounnhang KEOSAVANG ၊ တရုတ်နိုင်ငံသံရုံး ၊ ထိုင်းနိုင်ငံသံရုံးနှင့် ဗီယက်နမ်နိုင်ငံ သံရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် ပါမောက္ခများ၊ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးအသင်း၊ မြန်မာနိုင်ငံ ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ “ဝါးလက်မှုနည်းပညာ ဆရာဖြစ်သင်တန်း”၊ “မဲခေါင်ဒေသရှိ ဝါး ဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုသင်တန်း” တို့မှ သင်တန်းသားများ တက်ရောက်ကြသည်။

 

mdn

 

ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနတွင်ဖွင့်လှစ်သည့် Training of Trainers on Bamboo Weaving Art သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသားများ လက်တွေ့ဆောင်ရွက်နေခြင်းနှင့်  Bamboo Architecture Demonstration Unit တည်ဆောက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုသည်။

 

“ဝါးလက်မှုနည်းပညာ ဆရာဖြစ်သင်တန်း”ကို တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ဇန်နဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ အွန်လိုင်း (Virtual Mode) ဖြင့် သင်ကြားပေးမည်ဖြစ်ပြီး နှီးဖြာခြင်း၊ ဆေးဆိုးခြင်း၊ လက်မှုပစ္စည်းများ အနုစိတ် ဆောင်ရွက်ခြင်းတို့ကို စာတွေ့လက်တွေ့သင်ကြားပေး မည်ဖြစ်သည်။

 

“မဲခေါင်ဒေသရှိ ဝါးဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုသင်တန်း”တွင် ဝါးစက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ဆန်းသစ်သော တန်ဖိုးမြှင့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို သင်ကြားပို့ချမည်ဖြစ်သည်။

 

အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံများအတွက် ဝါးစက်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ သုတေသနလုပ်ငန်းများ၊ ဆန်းသစ်တီထွင်သော တန်ဖိုးမြှင့် ထုတ်လုပ်သည့် နည်းပညာများကို အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင်များအား  ပံ့ပိုးကူညီပေးခြင်း၊ တန်ဖိုးမြှင့် ဝါးထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင် ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာနိုင်မည်ဖြစ်သည်။

 

သတင်းစဉ်