မော်လမြိုင် ဇန်နဝါရီ ၁၈

 

မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပ‌သည့် အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ မွန်ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌမော်လမြိုင်မြို့ အဘယသုတာရာမကျောင်းဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

 

ထို့နောက် ဆရာတော်၊ သံဃာတော်များထံ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ရွှေတောင်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဆရာ‌တော်၊ သံဃာ‌တော်များအား‌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ဈေးကြိုရပ် တောင်ဝိုင်း(ဗုဒ္ဓဝင်) ကုသိနာရုံပါဠိပရိယတ္တိစာသင်တိုက်ကျောင်းအပ်ပွဲ သို့တက်ရောက်၍ ဦးစွာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ ဆင်ဖြူစာသင်တိုက် ဆရာတော်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်၍ ‌ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ပြုပြင်တည်ဆောက်ခဲ့သည့် အဆောက်အအုံများနှင့် ကုန်ကျငွေများကို ဖတ်ကြားလျှောက်ထားပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ကုသိနာရုံ ပါဠိပရိယတ္တိစာသင်တိုက်ဆရာတော်ထံ အပ်နှံ၍ ဆင်ဖြူစာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြည်ညိုကာ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)