မြောင်းမြ ၂ မေ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ ကညင်ကုန်းကျေးရွာ အုပ်စု၊ ကျွဲခြံဝ ကျေးရွာနေ ဦးဝရနန္ဒ သက်တော်(၅၇)နှစ်၊ဝါတော်(၃၇)ဝါ၏ ဓနိမိုး၊ပျဉ်ကာ၊ ပျဉ်ခင်းသစ်တိုင်ကျောင်းဆောင်၌ ဧပြီ ၂၉ ရက် နံနက် (ဝ၀ မိနစ် ၃၀) ခန့်က ဘုရားစင်၌ ဘုရားမီးပူဇော်ထားခဲ့ပြီးအိပ်ယာဝင်ခဲ့ရာ ဖယောင်းတိုင်မီးမှဘုရားစင်သစ်သားတန်းသို့ မီးကူး၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဓနိမိုး၊ပျဉ်ကာ၊ ပျဉ်ခင်း ၊ သစ်တိုင်ကျောင်းဆောင်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
မီးလောင်ဆုံးရှုံးမှုဖြစ်စဉ်အတွက် မြောင်းမြခရိုင် ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းဆောက်ရန်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် သုံးသိန်းနှင့် ဆရာတော်အားလှူဒါန်းရန်အတွက် သင်္ကန်းဒွိစုံ တစ်စုံဝယ်ယူကျသင့်ငွေကျပ် ၄၈၀ဝ၀ စုစုပေါင်းထောက်ပံ့ငွေကျပ် ၃၄၈၀ဝ၀ အား ဆရာတော်ထံသို့သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သင်းရနံ့( ပြန်/ဆက်)


