ဖာပွန်  ၂၃  ဧပြီ

 

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် ထင်းမီး၊ မီးသွေးမီးသုံးစွဲမှု အခြေအနေများကို စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် မကျရောက်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များအား ပညာပေးဆောင်ရွက်ခြင်းများကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်အတွင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့က ယခုလို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို နှစ်စဉ် ပွင်းလင်းရာသီရောက်တိုင်း ဆောင်ရွက်ပေးနေတာပါ။ ဖာပွန်မြို့မှာရှိတဲ့ ပြည်သူများက အစားအသောက်များ ချက်ပြုတ်ရာမှာ ထင်းနှင့် မီးသွေးမီးတို့ကိုသာ သုံးကြပါတယ်။ ဖာပွန်မြို့ရှိ ကျေးလက်နေပြည်သူမှာ တောင်ယာလုပ်ကိုင်တဲ့သူတွေ များတယ်။ အချို့ကျေးရွာများရှိ နေအိမ်အချို့တွင် မီးအသုံးပြု ထားသော်လည်း မိဘတွေက မရှိဘူး။ ကလေးတွေကိုသာ တွေ့ရတယ်။ ကလေးများကို မီးအသုံးမပြုမိဖို့ မိဘများကို သတိပေး ထားတာလည်း ရှိပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိပြီးဖြစ်တဲ့အတွက် အိမ်တိုင်းအိမ်တိုင်းမှာ မီးသတ်ဆေးဗူးကို ဆောင်ထား သင့်ပါတယ်။ ပြည်သူများအနေဖြင့် မိမိအိမ်ခြံနှင့် အနီးပတ်ဝန်းကျင်ရှိ အမှိုက်များကိုလည်း ရှင်းလင်းထားရန် မှာကြားထားပြီး ထင်းမီး၊ မီးသွေးမီး၊ လျှပ်စစ်မီးကို စနစ်တကျ မသုံးစွဲပါက အန္တရာယ်ရှိနိုင်တာကြောင့် ပြည်သူများအား မီးသတိရှိစေရေးနှင့် ကြိုတင်စီစဉ် ဆောင်ရွက်နိုင်ရန်အတွက် ယခုလို ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း” မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်အောင်က ပြောသည်။

 

ဖာပွန်မြို့နယ်တွင် မီးဘေးလုံခြုံမှုရှိစေရန်အတွက် ရပ်ကွက်၊ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို နေ့စဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အောင်မျိုးလွင်(ဖာပွန်)

 

1