မိုင်းရယ်မြို့နယ် မန်ပုံကျေးရွာ၌ လယ်ယာထုတ်ကုန်ဧက(၂၈၀)ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

မိုင်းရယ် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မန်ပုံကျေးရွာအုပ်စု၊ မန်ပုံကျေးရွာ၌ (နောင်မိုတောင်ယာသွား) ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကုမ္ပဏီများ ကျေးရွာကော်မတီဝင်များနှင့်အတူ မန်ပုံကျေးရွာ၌ (နောင်မိုတောင်ယာသွား) ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။   

အဆိုပါကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မထုခင်းခြင်းနှင့် Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေကျပ် ၃၉ ဒသမ ၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် သပြေငြိမ်းကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ အဆိုပါကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၂၈၁)အိမ်၊ လူဦးရေ(၁၄၉၄)ဦးတို့၏ လယ်ယာထုတ်ကုန် ဧက(၂၂၁)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးထံမှ သိရသည်။

ကျော်စိုး