မန္တလေး ၂ မေ
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်စီမံကိန်းတွင် စိုက်ပျိုးထားသည့် ဆေးခြောက်စိုက်ခင်းဟုဆိုသော စိုက်ခင်းကို ချိတ်ပိတ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မြို့သာစက်မှုဇုန်ရှိမြေဧက ၆၀ ပေါ်တွင် ဆေးခြောက်စိုက်ပျိုးနေကြောင်း ဧပြီလ ၂၁ ရက်က လူမှုကွန်ရက်တွင်ပျံ့နှံ့လာခဲ့သည်။ အဆိုပါသတင်းပျံ့နှံ့မှုကြောင့် ပြည်ထဲရေးဝန်ကြီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ဓာတ်ခွဲခန်းအဖြေအရ ဆေးခြောက်ဖြစ်သည့်အတွက် အမေရိကန်နိုင်ငံသား နှစ်ဦးနှင့် တာဝန်ခံနှစ်ဦးကို မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၆ (က) ၊ ၁၉ ( က) ၊ ၂၀ (က) ၊ ၂၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ယခုအခါ အဆိုပါစိုက်ခင်းကို ချိတ်ပိတ်ရန်စီစဉ်နေကြောင်း သိရသည်။
‘ချိတ်ပိတ်ဖို့ကြိုးစားနေတယ်။ သူတို့က တင်တာက ချဉ်ပေါင်လျှော်အနေနဲ့တင်တာ။ မြန်မာနိုင်ငံမှာက ဆေးခြောက်ပင် စိုက်ခွင့်မရှိဘူး’ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မြို့သာစက်မှုဇုန်တွင် စိုက်ပျိုးထားသည့် ဆေးခြောက်ဟုဆိုသောအပင်သည် ဆေးဖက်ဝင် လျှော်ပင်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မူးယစ်စေသော အာနိသင်မရှိသည့် Cannabidol ကို စမ်းသပ်ထုတ်လုပ်ခြင်းဖြစ်ကြောင်း မြို့သာစက်မှုဇုန်တွင် စိုက်ပျိုးထားသည့် ဆေးခြောက်စိုက်ခင်းဟု ဆိုသော သတင်းနှင့် ပတ်သက်ပြီး III M ကုမ္ပဏီမှ သတင်းထုတ်ပြန်ချက်ကို အခုလ ၂၈ ရက်က ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ သဘာဝဆေးဖက်ဝင်လျှော်ပင်ကို မန္တလေးတိုင်း ဒေသကြီး ခွင့်ပြုချက်ဖြင့် မြို့သာစက်မှုဇုန်တွင် စမ်းသပ်စိုက်ပျိုးခြင်း၊ အခြောက်ခံခြင်း၊ အဆီထုတ်ခြင်း၊ ထုပ်ပိုးခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ III M ဆေးဝါးကုမ္ပဏီသည် ခွင့်ပြုချက်ရရှိသဖြင့် သဘာဝဆေးဖက်ဝင်လျှော်ပင်များ ၊ လျှော်ဖြူပင်များ၊ ပူဒီနံပင်များ၊ ကော်ဖီ၊ ယကလစ်ပင်များကို စမ်းသပ်စိုက်ပျိုးနေပြီး ယခုနှစ် မေလနှင့် ဇွန်လတွင် စမ်းသပ်ရန် ရိတ်သိမ်းတော့မည် ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီသည် အဆိုပါအပင်များကို Tetrahydrocannabinol (THC) ကို ဖယ်ထုတ်ပြီး မူးယစ်စေနိုင်ခြင်း မရှိသည့် Cannabidol ကို ထုတ်လုပ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရေးသားထားသည်။ ယခုအခါ ယင်းလုပ်ငန်းစဉ်ကို သုတေသနပြုရန် စမ်းသပ်နေဆဲ ကာလဖြစ်ပြီး ကုမ္ပဏီအနေဖြင့် ရောင်းချရန် ၊ ဖြန့်ဖြူးရန် ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း သိရသည်။
ဆေးဖက်ဝင်သဘာဝလျှော်ပင်ကို အဝတ်အထည်များရက်လုပ်ခြင်း၊ အလှအပနှင့် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များတွင် အသုံးပြုခြင်းအပြင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြောင်းသိရသည်။ သဘာဝလျှော်ပင်များကို လေးလအတွင်း ဆွေးမြေ့ပျက်စီးစေနိုင်သော ပလတ်စတစ် ထုတ်လုပ်နိုင်ရန် အာရုံစိုက်ပြီး စမ်းသပ်ပြုလုပ်နေသည်ဟု ရေးသားထားသည်။
ဆေးဖက်ဝင်လျှော်ပင်စိုက်ပျိုးခြင်းသည် တရားဝင်မှု၊ မဝင်မှုနှင့် ပတ်သက်ပြီး နိုင်ငံအလိုက် ကွာခြားချက်ရှိသည်။ ထိုင်းနိုင်ငံတွင် တရားဝင်လိုင်စင်တင်ပြီး အခြောက်ခံချိန်တွင် THC ပါဝင်မှု ၁ ရာခိုင်နှုန်းမကျော်သော ဆေးဖက်ဝင်လျှော်ပင်များကို စိုက်ပျိုးခွင့်ရှိသည်။ အမေရိကန်နိုင်ငံတွင် စိုက်ပျိုးရေးဆိုင်ရာ ဥပဒေမူကြမ်း အရ THC ဝ ဒသမ ၃ ရာခိုင်နှုန်းထက်မကျော်ရန် သတ်မှတ်ထားသည်။
‘တိုးတက်ဖွံ့ဖြိုးမှုအတွက် သူများတွေဝေဖန်မယ်ဆိုလည်း ဝေဖန်လို့ရတာပေါ့။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ ဥပဒေနဲ့စီရင်ကြတာကိုး။ နည်းနည်းတော့ ပြဿနာက အလွန်နူးညံ့လိမ့်မယ်’ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အိမို့မို့ခိုင်


