မကွေး ၂  မေ  


မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ  မီးလောင်မှု ၁၄၄ ကြိမ် ဖြစ်ပွားရာ မီးဘေးသင့်ပြည်သူ ၄၁၈ ဦးရှိပြီး၊ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းခြေတန်ဖိုးငွေကျပ် ၁၃၅၀၈၄၄၀ဝ ခန့်  ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။

 

1


မီးလောင်ဖြစ်ပွားမှုမှာ ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလတွင် ၂၂ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၂၈ ကြိမ်၊ မတ်လတွင် ၅၀ ကြိမ်၊ ဧပြီလတွင် ၄၄ ကြိမ် စုစုပေါင်း ၁၄၄ ကြိမ်ဖြစ်ပွားခဲ့ရာ နေအိမ်များရှိ မီးဖိုမီးကြောင့် ၂၇ ကြိမ်၊ မီးပေါ့ဆစွာ သုံးစွဲမှုမှ ၇၆ ကြိမ်၊ လျှပ်စစ်မီးမှ ၁၀ ကြိမ်၊ ရှို့မီး ၁၄ ကြိမ်၊ တောမီး ၁၅ ကြိမ်၊ အလိုအလျောက်မီး ၂ ကြိမ်ဖြစ်ပြီး၊ မီးလောင်မှုကြောင့် အိမ်ခြေ  ၁၅၅ အိမ်၊ သေဆုံးသူ ၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦး၊ မီးဘေးသင့် ပြည်သူ ၄၁၈ ဦး၊ တိရစ္ဆာန် ၁၄ ကောင် မီးလောင်ကျွမ်းခဲ့ရာ ခန့်မှန်းခြေစုစုပေါင်းတန်ဖိုး ငွေကျပ် ၁၃၅၀၈၄၄၀ဝ ပျက်စီးဆုံးရှုံးခဲ့သည်။


အလားတူ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ မီးလောင်မှု ကြိမ်ရေ ၉၀ ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၇၇ အိမ်၊ သေဆုံးသူ တစ်ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦး၊ မီးဘေးသင့်ပြည်သူ ၁၂၃၂ ဦး၊ တိရစ္ဆာန် ၄၉၃ ကောင် ခန့်မှန်းခြေ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၁၈၂၃၄၀ဝ ဖြစ်ကြောင်း သိရသည်။


“ကျွန်တော်တို့ မီးသတ်ဦးစီးဌာန အနေနဲ့ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ခရိုင်နဲ့ မြို့နယ်အလိုက်  မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်မှုအဖြစ် ရုံးဌာနတွေ၊ ရပ်ကွက်၊ ကျောင်း၊ ဈေးတွေနဲ့ လူစည်ကားရာနေရာတွေ ကျေးရွာအုပ်စုတွေမှာရှိတဲ့ ကျေးရွာတွေမှာ မီးစနစ်တကျသုံးစွဲနည်းတွေနဲ့  မီးလက်တွေ့ငြှိမ်းသတ်နည်းစနစ်တွေ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ ပုဂ္ဂလိကဘဏ်တွေ၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံတွေ၊ ဟိုတယ်၊ မိုတယ်တွေ၊ တည်းခိုးခန်းတွေ၊ KTV တွေ၊ စက်သုံးဆီအရောင်းဆိုင် တွေကို စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတဲ့အပြင် မီးသတိပေး နှိုးဆော်ခြင်း တွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် ၏ ပြောကြားချက်အရ သိရသည်။


ဝေဖြိုးလေး(ပြန်/ဆက်)