နေပြည်တော်    ဇန်နဝါရီ    ၁၈

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ  ဒုတိယဥက္ကဋ္ဌများ၊  အဖွဲ့ဝင်များနှင့်အတူ   (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစား အဖွဲ့၏ မသန်စွမ်းမှုအဆင့်  သတ်မှတ်စစ်ဆေးနေမှုများကို သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ   မြန်မာနိုင်ငံ  မသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  ထိုင်းနိုင်ငံ Nakhon  Ratchasima Rajabhat University ဘောလုံးကွင်းအတွင်းရှိ Classification Room တွင် မသန်စွမ်းမှုအဆင့်သတ်မှတ် စစ်ဆေးနေသော မြန်မာမသန်စွမ်း ခုနစ်ယောက်တစ်ဖက် ဘောလုံးအသင်းမှ ကစားသမားများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး မြန်မာမသန်စွမ်း ခုနစ်ယောက် တစ်ဖက်ဘောလုံးအသင်း တစ်ဦးချင်း မသန်စွမ်းမှုအဆင့် သတ်မှတ်စစ်ဆေးနေမှုကို ကြည့်ရှုလေ့လာကာ တာဝန်ရှိသူများနှင့် အုပ်ချုပ်/နည်းပြများကို  လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဘိုစီယာ၊ ဂိုးလ်ဘော၊ ပြေးခုန်ပစ်၊ ထိုင်လျက်ဘော်လီဘော၊သေနတ်ပစ်၊ စားပွဲတင်တင်းနစ်နှင့်   Power-Lifting ကစားနည်းတို့မှ ကစားနည်းအလိုက်   မြန်မာမသန်စွမ်းအားကစားသမားများ၏ မသန်စွမ်းမှုအဆင့်   သတ်မှတ်စစ်ဆေးခြင်းများ၊ မြန်မာမသန်စွမ်း ဘိုစီယာအသင်းနှင့်   ဂိုးလ်ဘောအသင်းတို့၏ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သတင်းစဉ်