သက်သေပြရန်တာဝန်နှင့် သက်သေပြရန် စံနှုန်းများကို တင်ပြလျှောက်လဲမည်ဖြစ်ပါကြောင်း၊ တရားလိုသည် စွပ်စွဲသည့်အချက်များအပေါ် သက်သေပြရန်တာဝန်ရှိသည်ဆိုသော စည်းမျဉ်းကို နှစ်ဖက်အမှုသည်များ နားလည်လက်ခံပြီးဖြစ်ပါကြောင်း၊ ယင်းစည်းမျဉ်းကို တရားရုံးက လူမျိုး သုဉ်းသတ်ဖြတ်မှုဖြင့် စွဲဆိုသည့်အမှုများတွင် အစဉ်တစိုက်ကျင့်သုံးလျက်ရှိပါကြောင်း၊ ထို့ပြင် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် သက်သေအထောက်အထားများသည် လုံးဝခိုင်မာမှုရှိရမည် ဖြစ်ပါကြောင်း၊ ယင်းသက်သေအထောက်အထားသည် အခြားအထောက်အထားများနှင့် ဆန့်ကျင်ကွဲလွဲခြင်းမရှိစေရဘဲ သံသယမရှိ၊ ယုံကြည်ထိုက်သည့် သက်သေအထောက်အထားများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် တိုက်ရိုက် သက်သေခံအထောက်အထားများကို တင်ပြနိုင်ခြင်း မရှိပါကြောင်း၊ ဂမ်ဘီယာသည် FFM ကို အခြေပြု၍ လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်ရှိကြောင်း ချဉ်းကပ်မှုအသစ်ဖြင့် အကြိမ်ကြိမ်တင်ပြလျက် ရှိပါကြောင်း၊ ဂမ်ဘီယာသည် လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်ရှိကြောင်း ညွှန်ပြချက် ၇ ချက်ကို အသုံးပြုခဲ့ပြီး ယင်းအချက်များသည် သက်သေ အထောက်အထားများတွင် ပါရှိပြီးဖြစ်သည်ဟု တင်ပြခဲ့ပါကြောင်း၊ တရားရုံးအနေဖြင့် အကာအကွယ်ပေးထားသည့် လူအုပ်စုတစ်ခုအပေါ် တိုက်ခိုက်မှုအတွင်း ကျူးလွန်ခဲ့သည့် လူမျိုးသုဉ်း သတ်ဖြတ်မှုဆောင်ရွက်ချက်များနှင့် အခြားသော ကျူးလွန်မှုများ ရှိ မရှိကို ခိုင်လုံသည့် သက်သေအထောက်အထားများဖြင့် စိစစ်ရမည်ဖြစ်ပါကြောင်း၊ ယင်းနောက် အဆိုပါပြုလုပ်မှုများသည် စနစ်တကျစီစဉ်ထားသော အပြုအမူပုံစံများ ဟုတ် မဟုတ် စိစစ်ရန်ဖြစ်ပါကြောင်း၊ ဂမ်ဘီယာတင်ပြသော ညွှန်ပြချက်များမှာ စနစ်တကျ စီစဉ်ထားသော အပြုအမူပုံစံများရှိသည်ဟု ညွှန်ပြချက်များက လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်၏ ညွှန်ပြ ချက်များမဟုတ်သည်ကို တွေ့ရှိရပါကြောင်း၊ တရားရုံးအနေဖြင့် နောက်ဆုံးတွင် စနစ်တကျစီစဉ် ထားသောအပြုအမူပုံစံများသည် လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက် မြောက်မမြောက် စိစစ်ရန်ဖြစ်ပါကြောင်း၊ ခရိုအေးရှားအမှုတွင် ပြုလုပ်မှုတစ်ရပ်ကို သတ်မှတ်ထားသည့်နည်းလမ်း ဖြင့် ဆောင်ရွက်ခြင်းသည် စနစ်တကျစီစဉ်ထားသော အပြုအမူပုံစံဖြစ်သော်လည်း ယင်းအပြုအမူ ပုံစံအား လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်ဟု ကောက်ချက်ချ၍ မရနိုင်ဟု တရားရုံးက ဆုံးဖြတ်ထားပါကြောင်း၊ ဂမ်ဘီယာကိုယ်စားလှယ်က လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်သည် ခိုင်မာသည့် ကျိုးကြောင်းဆီလျော်သော ကောက်ယူချက်ဖြစ်သည်ဟု ပြောဆိုချက်မှာ ပြည့်စုံမှုမရှိပါကြောင်း၊ ကောက်ယူချက်တစ်ခုနှင့်စပ်လျဉ်း၍ အခြားသော ကောက်ယူချက်တစ်ခုရှိနေလျှင် လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်ရှိသည်ဟူသော ကောက်ယူချက်မှာ ကျိုးကြောင်းဆီလျော်သည့် ကောက်ယူချက်တစ်ခု မဖြစ်တော့ပါကြောင်း၊ ဂမ်ဘီယာသည် လှုံ့ဆော်မှုနှင့် ကြံရွယ်ချက်ကို ရောထွေးစွာတင်ပြ၍ ရှုပ်ထွေးအောင် ပြုလုပ်နေပါကြောင်း၊ ဂမ်ဘီယာက လူမျိုးစု အားရှင်းလင်းဖယ်ရှားခြင်းအတွက် လှုံ့ဆော်မှု ရှိခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်ရှိမှုကို ဟန့်တားခြင်းမရှိကြောင်း ပြောဆိုနေပါကြောင်း၊ သို့သော် လှုံ့ဆော်မှုနှင့် ကြံရွယ်ချက်မှာ သီးခြားစီဖြစ်ကြောင်း၊ ဘော့စနီးယားအမှုတွင် တရားရုံးက လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်သည် ကျူးလွန်သူတွင်ရှိနိုင်သည့် လှုံ့ဆော်မှုနှင့် အခြားသောအကြောင်းပြချက်များနှင့် ကွဲပြားရမည် ဖြစ်ကြောင်း ညွှန်ပြခဲ့ပါကြောင်း၊ အကယ်၍ဖျက်ဆီးရန် ကြံရွယ်ချက်နှင့် အခြားကြံရွယ်ချက်နှစ်ခုလုံးသည် စနစ်တကျစီစဉ်ထားသော အပြုအမူပုံစံများမှ ကျိုးကြောင်းဆီလျော်စွာ ကောက်ယူနိုင်မည်ဆိုပါက လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံရွယ်ချက်သည် ကျိုးကြောင်းဆီလျော်သော ကောက်ယူချက်မဟုတ် သည့်အပြင် သက်သေပြရန်စံနှုန်းများနှင့်လည်း ကိုက်ညီမှုမရှိပါကြောင်း၊ ဂမ်ဘီယာက လူမျိုးသုဉ်း သတ်ဖြတ်ရန် ကြံရွယ်ချက်သည် ကျိုးကြောင်း ဆီလျော်သော ကောက်ယူချက်ဖြစ်ကြောင်း တင်ပြရမည်ဖြစ်သော်လည်း ထိုသို့ တင်ပြခဲ့ခြင်း မရှိပါကြောင်း လျှောက်လဲတင်ပြခဲ့ပါသည်။


