ဂမ်ဘီယာသည် သက်သေအထောက်အထားနှင့်စပ်လျဉ်းသည့် ဥပဒေစည်းမျဉ်းများကို အငြင်း မပွားသော်လည်း ယင်းတို့ကို လက်တွေ့တွင် လိုက်နာကျင့်သုံးခဲ့ခြင်းမရှိကြောင်း၊ ဂမ်ဘီယာသည် ထင်မြင်ယူဆချက်သည် သက်သေအထောက်အထား ခိုင်မာမှုမရှိကြောင်း လက်ခံသော်လည်း ယင်းအထောက်အထားများကို အကြိမ်ကြိမ်တင်ပြနေပါကြောင်း၊ ဂမ်ဘီယာသည် တစ်ဆင့်ကြား သက်သေခံချက်များမှာ ခိုင်မာသည့်သက်သေခံချက် မဟုတ်ကြောင်း လက်ခံသော်လည်း တစ်ဆင့်ကြားသက်သေခံချက်များကို အမြဲမပြတ် ကိုးကားတင်ပြနေပါကြောင်း၊ ဂမ်ဘီယာသည် မီဒီယာဆောင်းပါးများမှာ အချက်အလက်ကို သက်သေပြနိုင်သည့် သက်သေခံချက် မဟုတ်ကြောင်း လက်ခံသော်လည်း မီဒီယာ ဆောင်းပါးများကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကားတင်ပြနေပါကြောင်း၊ ဂမ်ဘီယာသည် FFM အစီရင်ခံစာများ၊ အခြားအဖွဲ့အစည်းများနှင့် NGO များ၏ အစီရင်ခံစာများကို အလွန်အမင်း ကိုးကားထားပါကြောင်း၊ တရားရုံးအနေဖြင့် တစ်ဖက်မှတင်ပြလာသော FFM ၊ IIMM ၊ UN အဖွဲ့အစည်းများနှင့် NGO များ၏ အစီရင်ခံစာများပါ သက်သေအထောက်အထားများကို ဂရုတစိုက်သုံးသပ်ပြီး ယင်းအထောက်အထားများ၏ ခိုင်မာမှုကို အလေးထားစိစစ်ပေးရန် လိုအပ်ကြောင်းတင်ပြလိုပါကြောင်း၊ Armed Activities on the Territory of the Congo တွင် တရားရုံးအနေဖြင့် တရားဝင်အဖွဲ့အစည်းတစ်ခု၏ အစီရင်ခံစာတစ်စောင်အား ခိုင်လုံမှုရှိကြောင်း သုံးသပ်မည်ဆိုပါက တိုက်ရိုက်ပါဝင်သူများအား စစ်ဆေးခြင်းနည်းလမ်းဖြင့်ရရှိသော သက်သေခံချက် ပါဝင်ခြင်း၊ စစ်ဆေးရာတွင် ကျွမ်းကျင်သူတရားသူကြီးများက ပြန်လှန်စစ်မေးခြင်းဖြင့် ဆောင်ရွက်ခြင်း၊ ဘက်လိုက်မှုကင်းမဲ့သူများက သက်သေခံချက်များ ၏ မှန်ကန်မှုကို မေးခွန်းထုတ်ရန် မရှိခြင်းဟူသည့် အခြေအနေများနှင့် ကိုက်ညီရမည်ဖြစ်ပါကြောင်း၊ ဂမ်ဘီယာကတင်ပြသည့် အထူးသဖြင့် FFM ၊ IIMM တို့ပါ သက်သေခံအထောက်အထားများ အားလုံးသည် အဆိုပါအခြေအနေများနှင့် ကိုက်ညီမှုမရှိသည် ကို တွေ့ရှိရပါကြောင်း၊ တရားရုံးအနေဖြင့် အဆိုပါ အစီရင်ခံစာများကို ခိုင်မာသည့်အထောက်အထားများအဖြစ် မှတ်ယူရန်မသင့်ကြောင်း၊ လက်မှတ် ရေးထိုးထားခြင်းမရှိသော သက်သေခံချက်များကို ခိုင်မာမှုရှိ မရှိအကဲဖြတ်ရာတွင် အဆိုပါ သက်သေခံ ချက်ပြုလုပ်သည့်ပုံစံနှင့် အခြေအနေတို့ကို ထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ အမည်ဖော်ပြပါရှိခြင်း မရှိသော သက်သေခံချက်များကိုလည်း သက်သေခံအဖြစ် လက်ခံရန်မသင့်ပါကြောင်း၊ တရားရုံး၏ ဆုံးဖြတ်ချက်တွင် အကျိုးခံစားခွင့်ရရှိမည့် သက်သေ၏ သက်သေခံချက်ကိုလည်း တရားရုံးက အထူးဂရုပြု၍ စိစစ်ရန်လိုအပ်ပါကြောင်း၊ ဂမ်ဘီယာသည် မီဒီယာဆောင်းပါးများနှင့် စာအုပ်များ၏ အားနည်းသော သက်သေခံတန်ဖိုးများကိုအသုံးပြု၍ အခြား သက်သေခံအထောက်အထားများဖြင့် သက်သေမပြနိုင်သောအချက်အလက်များကို အထောက်အပံ့ဖြစ်စေရေးအတွက် အသုံးပြုရန်ကြိုးပမ်းလျက်ရှိပါကြောင်း၊ သက်သေခံအထောက်အထားများ ခိုင်မာမှုရှိ မရှိသည် သက်သေပြရန်အမြင့်ဆုံးစံနှုန်းများကို လိုက်နာရမည့် ယခုအမှု၏ အဓိကအကြောင်းခြင်းရာဖြစ်ပါကြောင်း၊ တရားရုံးအနေဖြင့် ၎င်း၏ စီရင်ဆုံးဖြတ်ချက်များ၏ ဖြောင့်မတ်မှန်ကန်မှုကို ဖြစ်ပေါ်စေရေးအတွက် သက်သေပြရန် အမြင့်ဆုံး စံနှုန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံက တင်ပြတောင်းဆိုအပ်ပါကြောင်း လျှောက်လဲတင်ပြခဲ့ပါသည်။


