မင်းဘူး ဇန်နဝါရီ ၂၂

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၂)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် ရဲဖြိုးသန့်၊ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးတို့က မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်ပြီး နေပြည်တော် လယ်ဝေးမြို့နယ် နဂါးဖြူစေတီကျောင်းတော်၊ နဂါးတစ်ထောင် စမတောင် ဆရာတော်နှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တို့က မင်္ဂလာ မုခ်ဦး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဇီဝိတဒါနအဖြစ် နှစ်လက်မအရွယ် ငါးမြစ်ချင်းနှင့် ထိုင်းငါးခုံးမကြီး အကောင်ရေ တစ်သိန်းအား ရွှေစက်တော် မန်းချောင်းအတွင်း ငါးလွှတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ စကုမြို့ မဟာဓမ္မိကာရာမစာသင်တိုက် ဆရာတော် အမှူးပြုသော ပင့်သံဃာ ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောက်စက်တော်ရာ(ခြေတော်ရာ) အလင်းပေါက် ဖန်ဦးသျှောင်တော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီတော်မြတ် သံတံခါးအား ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ယင်းနောက် နမ္မဒါရေစင်နှင့် အမွှေးနံ့သာရည်များ သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ပင့်ဖိတ်ထားသော ဩဝါဒါ စရိယဆရာတော်ကြီးများက ဗုဒ္ဓပါဒစေတီတော်(ခြေတော်ရာ)နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။

 

ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင်(တပို့တွဲ လဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက် အထိ) ၈၆ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)